ကနီမြို့နယ်မှာ NUG ပညာရေးစနစ်နဲ့ ကျောင်းသားနှစ်သောင်းခန့် စာမေးပွဲဖြေ

အမျိုးသား ညီညွတ်ရေးအစိုးရ NUG က လုပ်နေတဲ့ ကြားကာလပညာရေးစနစ်နဲ့ စစ်ကိုင်းတိုင်း ကနီမြို့က ကျောင်းသား ၁၉၉၇၃ ဦး စာမေးပွဲ ဖြေဆိုခဲ့ကြတယ်လို့ ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေးက RFA ကိုပြောပါတယ်။

ကနီမြို့နယ်တွင်း ကျေးရွာပေါင်း ၁၄၈ ရွာမှာရှိတဲ့ သူငယ်တန်းကနေ ဆယ်တန်းထိ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ ပညာသင်ခဲ့ကြတာဖြစ်ပြီး ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့မှာ နောက်ဆုံးစာမေးပွဲ ဖြေဆိုကြတာလို့ ဆိုပါတယ်။

သူတို့တွေကို NUG အစိုးရ အကူအညီနဲ့ CDM ဆရာ၊ဆရာမ ၁၈၂၉ ယောက်က ပညာသင်ပေးခဲ့တာလို့ ဦးဝင်းဌေးက ပြောပါတယ်။

293644457_1172771976838418_939252277198778381_n(1).jpg

"ပညာရေးစားရိတ်ကို မြို့နယ်ဘုတ်အဖွဲ့ (NUG)က သိန်း ရှစ်ဆယ်လောက်ချပေးတယ်။ မြေဖြူ၊ မာကာပင်၊ ပုံနှိပ်လိုအပ်ချက်တွေ အဲဒီငွေနဲ့သုံးတယ်။ တကယ်ကုန်ကျငွေကတော့ သိန်းတစ်ရာလောက်ရှိတယ်။ တချို့ရွာတွေက နှစ်ရွာ၊ သုံးရွာပေါင်းပြီး စုသင်ခဲ့ကြတယ်။ မီးရှို့ခံရတဲ့ ရွာတွေလည်း သူများရွာမှာ ပေါင်းသင်ရတယ်။ တိုက်ပွဲတွေဖြစ်နေတော့ စာသင်ရင်းပြေးရတာတွေလည်းရှိတယ်။ နောက်နှစ် စာသင်နှစ်ကျရင်တော့ ပအဖနဲ့ ပကဖတို့ကို စီစဉ်ပေးဖို့ ပြောထားတယ်"

NUG အစိုးရက ချမှတ်ထားတဲ့ သင်ရိုးနဲ့ စာသင်ခဲ့တာလို့ ဆိုပါတယ်။ ကျောင်းသားတွေ စာသင်ချိန်မှာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံရေး ယူပေးခဲ့တယ်လို့ ဦးဝင်းဌေးက ပြောပါတယ်။

291960683_767879777673971_5499179716104156838_n.jpg

စစ်ကိုင်းတိုင်းကပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်တိုက်ခိုက်နေပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နယ်မြေ ၅၀ ရာခိုင်နှုန်းကို NUG အစိုးရက စိုးမိုးထားနိုင်တယ်လို့ NUG ဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

အဲဒီလို နယ်မြေစိုးမိုးမှု ရထားတဲ့ ဒေသတွေမှာ NUG က ဦးဆောင်ပြီး ကြားကာလပညာသင်ကြားရေး စနစ်တွေ ဖော်ဆောင်နေပါတယ်။