၂၀၂၃ မှာ တော်လှန်ရေး အောင်မြင်အဆုံးသတ်ဖို့ NUG စီမံချက်ချမှတ်ထား

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းလဲပြီး လာမယ့် ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးကို အပြီးသတ်သွားမှာ ဖြစ်ပြီး ဒီကာလအတွင်း ကြုံတွေ့ရမယ့်အခက်အခဲတွေကို အတူရင်ဆိုင်ကျော်လွှားသွားကြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောလိုက်ပါတယ်။

တော်လှန်ရေးအောင်မြင်အောင် နိုင်ငံတစ်ဝန်း စစ်မျက်နှာ ၆ ခု ဖွင့်ပြီး စီမံချက်ချလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ NUG ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောလိုက်တာပါ။

“အဲအတွက်မို့လို့ ကျနော်တို့ ဒီအခက်အခဲတွေ ထပ်ရှိလာအုံးမယ် ထပ်ပြီးကြမ်းတမ်းတာတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့်လည်း ကျနော်တို့အားလုံး တစ်ညီတစ်ညွတ်နဲ့ ကျနော်တို့တွေ ဝိုင်းဝန်းပြီးတော့ ကြိုးစားပြီး ဒီအခက်အခဲတွေကို ကျော်လွှားကြမယ်။ ကျော်လွှားကြပြီးတော့ ဒီ Plan အတိုင်းသာ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေ ထင်သာမြင်သာတဲ့ ပန်းတိုင်တွေ ဒါတွေအကုန်လုံးကို နောက်တစ်နှစ် အတွင်းမှာ တစ်နှစ်တောင် စောင့်စရာမလိုတဲ့ အချိန်တွေမှာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲနဲ့ ထင်သာမြင်သာတဲ့ မြင်ကွင်းတွေကျနော်တို့ မြင်ရမှာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”

NUG အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၅၀ ရာခိုင်နှုန်းလောက် နယ်မြေစိုးမိုးမှု ရရှိထားပြီလို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကျေးရွာနယ်မြေ၊ လမ်းမကြီးတွေကို စိုးမိုးထားနိုင်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီလို့ ပြောပါတယ်။

တချို့ စစ်မြေပြင်တွေမှာ အသုံးပြုဖို့ လေယာဉ်ပစ် လက်နက်တွေကိုလည်း တပ်ဆင်ထားနိုင်နေပြီလို့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။

“ကျနော်တို့ဆီမှာ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းရှိသလား ဆိုတော့ ရှိတာပေါ့ဗျာ။ ဒါပေမယ့် နေရာတိုင်းမှာတော့ မရှိဘူး။ တစ်ချို့နေရာတွေမှာ ရှိတယ်။ ရှိလို့အဲဒီနေရာနဲ့ လာတိုးရင်တော့ ကျနော်တို့ကတော့ ပစ်ချမှာပဲ။ ဒါကပွင့်ပွင့်လင်းလင်း ပြောတာ အဲဒီဖိုက်တာဂျက်ကို မောင်းနှင်နေတဲ့ ပိုင်းလောခ်တွေ ဟယ်လီကော်ပတာကို မောင်းနှင်နေတဲ့ ပိုင်းလော့ခ်တွေ လူထုကို မျက်နှာမူပါ။ လူထုကိုမျက်နှာမမူဘဲနဲ့ Justice လုပ်တဲ့ အချိန်ကျတော့မှ ကျနော်တို့မဟုတ်ရပါဘူးဗျာ၊ ကျနော်တို့အထက်က ခိုင်းလို့ပါဆိုပြီးတော့ အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ ဘုရင်မင်းမြတ် လေးပစ်သူမှာ ကျနော်ပါဆိုပြီးတော့ ရှောင်လွှဲလို့တော့ မရဘူးလို့ ဒီကနေကျနော် တစ်ခါတည်း ပြောလိုက်မယ်ဗျ။”

NUG ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နဲ့လည်း မဟာမိတ်ဖွဲ့ပူးပေါင်းပြီး နွေဦးတော်လှန်ရေးမှာ အတူတကွ တိုက်ပွဲဝင်နေကြတယ်လို့ ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်တောင်းဆိုတာတွေဟာ တရားမဝင်ဘူးလို့ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာက ပြောပါတယ်။

“ “ဝ” ပြည်နယ်ပေးမယ့် “ဝ” ပြည်သူလူထုကလည်း ကျနော်တို့ ပြည်သူလူထုပါ ကျနော်တို့ တိုင်းရင်းသားပါ၊ စစ်ကောင်စီနဲ့ဒါကို ပြောနေလို့ ဘယ်လိုနဲ့မှ အလုပ်မဖြစ်ဘူး အဆင်မပြေလည်း မပြေဘူး။ နှစ်ပေါင်း ၇၀ ကျော်အလိမ်အညာ ခံပြီးပြီ၊ သူတို့ပါးစပ်ထဲက ထွက်လာတဲ့ဟာက ကတိမရှိဘူး ကဝတ်မရှိဘူး။ အရေးအကြီးဆုံး တရားဝင်းခြင်း မရှိဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ့်ဖနးတီး ဆိုတာက ပင်လုံစာချုပ်ကတည်းကပင် ဖြစ်ပေးလာခဲ့တဲ့ ဥစ္စာဖြစ်တယ်။ တကယ်တမ်း အမှန်ကို ပြောရမယ် ဆိုရင် ကျနော်တိုင်းရင်းသားတွေရဲ့ ကံကြမ္မာကို စစ်ကောင်စီတွေ မမွေးခင်မှာ ရှိပြီးသားပါ ဖြစ်ပြီးသားပါ။”

စက်တင်ဘာ ၂၆ ရက်နေ့ စစ်ကောင်စီခေါင်းဆောင်နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုကနေ ပြည်နယ်ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရရှိရေးနဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေးတို့ကို အဖွဲ့အစည်းအသီးသီးက ဆွေးနွေးခဲ့ကြတာပါ။

NUG ဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကိုလည်း ဟန်ချက်ညီညီ လုပ်ဆောင်နေပြီး လက်ရှိစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးအတွက် ယာယီအချုပ်ဆောင် ၂၀ ကျော် တည်ထောင်ထားပြီး အမှုအခင်း ၁၀၀ ကျော်ကိုလည်း ကိုင်တွယ်စစ်ဆေးနေပြီလို့ ပြောပါတယ်။

ပြည်သူ့တရားသူကြီး ၁၀၀ ကျော်ကိုလည်း ခန့်အပ်ပြီး ဖြစ်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

“တရားစီရင်ရေးမဏ္ဍိုင်မှာ တရားရေး ဝန်ကြီးဌာနကနေပြီးတော့ ပြည်သူ့တရားသူကြီးတွေ ခန့်အပ်တာ ၁၀၀ ကျော်ရှိပါပြီ နောက်ပြီးတော့ ဥပဒေဝန်ထမ်းတွေ စတင်ခန့်အပ်နေပြီ မြို့နယ်ဥပဒေ ဝန်ထမ်းတွေ တော်တော်များများ ကျနော်တို့ ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ Code of Conduct တွေရှိပါတယ်၊ Code of Conduct တွေအတိုင်းမလိုက်နာပဲနဲ့ စစ်စည်းကမ်းတွေ မလိုက်နာတဲ့ တပ်ဖွဲ့ဝင်တွေ တိုင်ကြားလာတာရှိရင် တွေ့ရှိတာရှိရင် စစ်ဆေးအရေးယူဖို့အတွက် စစ်ဘက်ဆိုင်ရာ တရားရုံးတွေ ဖွဲ့စည်းတာတွေလည်း ရှိပါတယ်။ ကျနော်တို့မှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ ဆောင်ရွက်နေတယ်။”

စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တစ်ခေါက် ကျင်းပနိုင်ဖို့ လုပ်ဆောင်နေပေမယ့် နယ်မြေစိုးမိုးမှုမရှိတဲ့အတွက် ဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ NUG အနေနဲ့တော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အခြေခံဥပဒေသစ် ပေါ်ပေါက်လာချိန်မှာ ရွေးကောက်ပွဲတစ်ခု ထပ်မံကျင်းပသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။