ရန်ကုန်တိုင်းမှာ ပထမဆုံးတပ်ရင်း NUG စတင်ဖွဲ့စည်း
2023.06.01

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသခွဲက ရန်ကုန်တိုင်းမှာ မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို တိုက်ခိုက်ခဲ့ရာကနေ ဇွန်လ ၁ ရက်နေ့မှာ ပထမဆုံးရန်ကုန် တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်ပြီလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဦးနေဘုန်းလတ်"စုဖွဲ့မှုပြီးတာနဲ့ ပြင်ဆင်မှုတွေ၊ လေ့ကျင့်မှုတွေ၊ လက်နက်တပ်ဆင်မှုတွေကို တစ်ဆင့်ချင်းတစ်ဆင့်လုပ်သွားမှာ။"
မြို့ပြပြောက်ကျားအဖွဲ့တွေကို စုဖွဲ့ပြီး တပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းလိုက်တာမဟုတ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ဆက်ရှိနေမှာပဲလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
ခုခံတွန်းလှန်စစ် တိုးချဲ့တဲ့အနေနဲ့ စစ်ကောင်စီထိန်းချုပ်မှုအားကောင်းတဲ့ ဒေသတွေမှာ အခုလို တပ်ရင်းတွေ ဖွဲ့တာလို့ ဦးနေဘုန်းလတ်က ဆက်ပြောပါတယ်။
“ ရန်သူထိန်းချုပ်မှုအားကောင်းတဲ့နယ်မြေတွေဆီပါ ကျွန်တော်တို့ရဲ့ ခုခံတွန်းလှန်စစ်က တဖြည်းဖြည်းနဲ့ တိုးချဲ့တဲ့အနေအထားမျိုးပေါ့။ ပဲခူးရော၊ မန္တလေးရော၊ ဧရာဝတီရော၊ ရန်ကုန်မှာပါ တပ်ရင်းတွေ ဖွဲ့စည်းမှုကို စတင်နေပြီဖြစ်ပါတယ်။ ဒီတပ်ရင်းက အခုမှစပြီး စုဖွဲ့လိုက်တဲ့ အနေအထားတစ်ခုမှာ စုဖွဲ့မှုပြီးတာနဲ့ ပြင်ဆင်မှုတွေ၊ လေ့ကျင့်မှုတွေ၊ လက်နက်တပ်ဆင်မှုတွေကို တစ်ဆင့်ချင်းတစ်ဆင့်လုပ်သွားမှာ။ ဒါတွေ လုပ်သွားပြီးတဲ့ အချိန်ကာလတစ်ခုရောက်သွားပြီဆိုရင်လည်း ရန်ကုန်ကို တချိန်ချိန်မှာရောက်လာနိုင်မယ့် အနေအထားပေါ့။ ဒါပေမဲ့ အခုဖွဲ့လိုက်ပြီးတော့ သိပ်မကြာခင် ချက်ချင်းကြီး ရန်ကုန်ကို တပ်ရင်းကြီး ချီလာမယ်ဆိုတာတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ ဒီတပ်ရင်းဖွဲ့ဖွဲ့၊ မဖွဲ့ဖွဲ့ စစ်အုပ်စုက ပြည်သူကို ရန်သူလို့ သတ်မှတ်ထားပြီးသားလေ။”

တစ်ဖက်မှာလည်း ဒီတပ်ရင်း ၅၁၀၁ အပါအဝင် ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့၊ လက်နက်ခဲယမ်းနဲ့ တခြားလိုအပ်ချက်တွေကို ဖြည့်ဖို့ “ရန်ကုန်အတွက် အလင်းစက်”နာမည်နဲ့ အမေရိကန်ဒေါ်လာ “၅၀၀,၀၀၀” ရှာဖွေရေးလှုပ်ရှားမှုကို တော်လှန်ရေးအဖွဲ့တွေက ဇွန်လ ၁ ရက်နေ့မှာ စတင်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းမှာ NUG တပ်ရင်း ဖွဲ့လိုက်နိုင်တာကို ကြိုဆိုတယ်လို့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ ရန်ကုန်မြို့ခံ ဦးကျော်ဦးကပြောပါတယ်။
“ အရင်တုန်းကတော့ နယ်တွေမှာပဲ တိုက်ပွဲတွေ ဖြစ်တယ်။ အခုတော့ မြို့ပြပေါ်အထိ တပ်ရင်းဖွဲ့လာပြီဆိုရင် စစ်ရေးပိုပြီး လှုပ်ရှားလာတော့မယ်။ ကျွန်တော်တို့က ကြိုဆိုတယ်။ တော်လှန်ရေးကိစ္စတွေလည်း မြန်မြန်ပြီးပြတ်သွားစေချင်တယ်လေဗျာ။ အခုလိုဖွဲ့ပြီး တစ်ဆင့်တက်လာပြီ နောက်တစ်ဆင့်ဆိုရင် ချေမှုန်းရေးတွေ၊ တိုက်ခိုက်ရေးတွေလာမယ်။ သူတို့(စစ်ကောင်စီ) ရှိတဲ့ ပစ်မှတ်တွေကို အဓိကထား တိုက်ခိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ မြင်တယ်ဗျ။ အဲ့အတွက်လည်း ကြိုဆိုတယ်။”
လတ်တလောမှာတော့ ရန်ကုန်တိုင်းမှာ NUGရဲ့ တပ်ရင်းတပ်ဖွဲ့တွေ ချက်ချင်းဝင်ရောက်လာပြီး တိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တဲ့ အခြေအနေမရှိနိုင်သေးဘူးလို့ စစ်ရေးလေ့လာသူတွေနဲ့ CDM အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ NUG က အခုလို တပ်ရင်းဖွဲ့လိုက်တာကြောင့် ဒလန်ရှင်းလင်းရေးတွေမှာ ပိုစနစ်ကျလာပြီး အမှားအယွင်း နည်းလာမယ်လို့ ယူဆကြောင်း တော်လှန်ရေးအင်အားစုက ကိုမင်းသွေးသစ် ကပြောပါတယ်။
“ပိုပြီးတော့ စနစ်ကျသွားမယ်ဆိုတဲ့နေရာမှာ နဂိုတုန်းကလည်း ပြည်သူတွေ အကုန်လုံးတော့သိတယ်။ တချို့ ဒီမြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ ဒလန်ရှင်းတဲ့ မစ်ရှင်တွေမှာ လူမှားသွားလို့ ဒါမှမဟုတ် မဆိုင်တဲ့သူတွေပါသွားလို့ ပြန်တောင်းပန်ရတဲ့ ကိစ္စတွေ၊ ကြေညာချက်ထုတ်ရတဲ့ ကိစ္စတွေလည်းရှိပါတယ်။ ဒီတပ်ရင်းတပ်ဖွဲ့ဖွဲ့ပြီးလို့ရှိရင်တော့ အဲ့ကိစ္စတွေနည်းပါးသွားမယ်လို့ ယူဆတယ်။ ပိုစနစ်ကျတယ်ဆိုတာက တကယ့်ထောက်တိုင် တကယ့်အပြစ်ရှိတဲ့သူကိုပဲ အပြစ်ပေးအရေးယူတဲ့ ပုံစံမျိုးဖြစ်လိမ့်မယ်။ မဆိုင်တဲ့သူတွေမပါဘူး။ ပိုပြီးစနစ်ကျသွားမယ်လို့ပဲ ယူဆတယ်။”
NUG က ရန်ကုန်တိုင်းမှာ အခုလိုတပ်ရင်းတစ်ခုဖွဲ့လိုက်တဲ့အတွက် ပြည်သူတွေအပေါ် သက်ရောက်မှုတွေရှိနိုင်သလားလို့CDM အရာရှိ ဗိုလ်ကြီးညီသုတကို မေးကြည့်တော့…
“လတ်တလောမှာတော့ ချင်းဘက်က မြို့နယ်တွေလို၊ ကရင်နီဘက်က မြို့နယ်တွေလို ဖြစ်နိုင်ခြေကတော့ လတ်တလောကာလမှာ မရှိနိုင်သေးပါဘူး။ မြေအနေအထားအရရော၊ တခြားသောအနေအထားအရရော၊ နယ်စပ်မြို့တွေနဲ့မတူဘူး။ ရန်ကုန်သည် နောက်ဆုံးမှသာလျှင် ရောက်နိုင်တဲ့နေရာမျိုး။ တစ်ချိန်မှာတော့ နယ်စပ်မှာ ဒဏ်ခံနေရတဲ့နည်းတူ ရန်ကုန်မှာဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကလည်း စစ်ကောင်စီက ပြည်သူတွေအပေါ်မှာ တန်ဖိုးမထားတဲ့အတွက်ကြောင့် လက်ရှိရွာတွေမှာလုပ်သလို မြို့တွေမှာလုပ်သလိုမျိုး စစ်ဘောင်ကျယ်တာနဲ့အမျှ ပြည်သူလူထုကိုပါ ရောပြီး ပစ်မှတ်ထားမှာ။ ဒါကတော့ သူတို့ရဲ့ ပုံမှန်လုပ်နေကျပဲ။”
စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။
အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ PDF တပ်ရင်း ၃၀၀ ကျော်နဲ့ မြို့နယ် ၂၅၀ မှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေကို ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက ထုတ်ဖော်ပြောထားပါတယ်။