လျှပ်စစ်တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ လူမှုစီးပွားတိုးတက်မှု နှောင့်နှေးနေရကြောင်း စစ်ကောင်စီစွပ်စွဲ

RFA Burmese
2023.11.26
လျှပ်စစ်တာဝါတိုင်တွေ ဖျက်ဆီးခံရလို့ လူမှုစီးပွားတိုးတက်မှု နှောင့်နှေးနေရကြောင်း စစ်ကောင်စီစွပ်စွဲ ကယားပြည်နယ် လောပိတရေအားလျှပ်စစ်စက်ရုံမှ နေပြည်တော်ကို သွယ်တန်းထားသော လျှပ်စစ်မဟာဓာတ်အားလိုင်း တာဝါတိုင် ပျက်စီးနေသည်ကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။
Citizen Journalist

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တချို့က လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွေနဲ့ လျှပ်စစ်တာဝါတိုင်တွေကို တိုက်ခိုက်ဖျက်ဆီးတာကြောင့် နိုင်ငံရဲ့လူမှုစီးပွားတွေ တိုးတက်မှုမရှိဘဲ နှောင့်နှေးနေရတယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေကနေ နိုဝင်ဘာ ၂၆ ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်တာပါ။

"နိုင်ငံတစ်နိုင်ငံရဲ့ လူမှုစီးပွားဘဝတွေ လုံခြုံတက်စေဖို့အတွက် လျှပ်စစ်စွမ်းအားကဏ္ဍဟာ အရေးကြီးပါတယ်။ NUG၊ PDF နဲ့ တချို့သော EAO အဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍကို နည်းလမ်းပေါင်းစုံနဲ့ အဓိကထား တိုက်ခိုက်နေတာကို တွေ့ရပါတယ်၊ လျှပ်စစ် ဓာတ်အားပေးလိုင်းတွေ ပျက်စီးရခြင်း၊ လျှပ်စစ်ဓာတ်အားခွဲရုံတွေ ပျက်စီးရခြင်းကြောင့် နိုင်ငံရဲ့ လူမှုစီးပွားဘဝတွေ တိုးတက်သင့်သလောက် မတိုးတက်ဘဲ နှောင့်နှေးနေတာကို တွေ့ရပါတယ်။"

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ လျှပ်စစ်မီးမပေးနိုင်တာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။

"စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံ အနှံ့လျှပ်စစ်မီးရဖို့အစီအစဉ်တွေရေးဆွဲထားတာတွေရှိပါတယ်၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် အဲဒီအစီအစဉ်တွေ ပျက်သွားပြီး လျှပ်စစ်မီးမပေးနိုင်တာဖြစ်ပါတယ်၊ လျှပ်စစ်မီးရဖို့ လက်မှတ်ထိုးထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကလည်း စစ်ကောင်စီနဲ့ အလုပ်လုပ်လို့မရတာကြောင့် ထွက်သွားကြပါတယ်။ ဒီလို စစ်ကောင်စီကြောင့် ဖြစ်ရတာတွေကို တော်လှန်ရေးအင်အားစုတွေကို အပြစ်ဖို့တာပဲဖြစ်ပါတယ်။ ဒီအခြေအနေကို ပြည်သူတွေကလဲ သိပါတယ်"

NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်ပြီး အောင်မြင်သွားတဲ့အချိန်မှာ ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်သစ်ဖြစ်အောင် တည်ဆောက်သွားကြမှာလို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ ၂၀၂၃ နိုဝင်ဘာ ၁၆ ရက်နေ့အထိ လျှပ်စစ်တာဝါတိုင် ၈၁ ခုဖျက်စီးခံခဲ့ရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အများစုက ကယားပြည်နယ်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာလို့ စစ်ကောင်စီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။