တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅ ခု သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထုတ်ပြန်

RFA Burmese
2025.01.11
တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၅ ခု သိမ်းပိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထုတ်ပြန် KNLA နှင့် ပူးပေါင်းတပ်များ သိမ်းဆည်းထားသည့် စွယ်တော်ကုန်းလက်နက်ကြီးဗျူဟာတပ်စခန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။
Cobra Coloumn တပ်ခွဲ-၃

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ တပ်ရင်း သုံးရင်းနဲ့ ဗျူဟာ တစ်ဗျူဟာအပါအဝင် တပ်စခန်း ၁၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ဇန်နဝါရီလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ အမှတ် ၃ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့တွေ တစ်နှစ်အတွင်း ထိတွေ့တိုက်ပွဲပေါင်း ၈၈ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄၁၃ ဦး သေဆုံးခဲ့ပြီး ၃၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချပူးပေါင်းခဲ့ပြီး ဖမ်းမိတဲ့ စစ်သုံ့ပန်း ၂၁ ဦးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးရတာ၊ တပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

တစ်နှစ်တာ တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် အယောက် လေးဆယ် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ နှစ်ရာနီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကို အမျိုးသားညီညွတ်ရေးစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသခွဲ အမှတ် ၃ ဗျူဟာ ၃၂ စစ်ကြောင်းတွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Venom စစ်ကြောင်းတွေက တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။