စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တောင်ပိုင်းစစ်ဒေသမှာ တစ်လအတွင်း အရပ်သား ၁၂ ဦးသေဆုံး

RFA Burmese
2024.10.16
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တောင်ပိုင်းစစ်ဒေသမှာ တစ်လအတွင်း အရပ်သား ၁၂ ဦးသေဆုံး စစ်ကောင်စီ၏ ခမရ ၅၉၀ တပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် တောင်ပိုင်းစစ်ဒေသ မုန်းမြို့နယ်မှ ဒဏ်ရာရရှိခဲ့သည့် ဒေသခံတစ်ဦးအား သယ်ဆောင်လာသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။
တောင်ပိုင်းစစ်ဒေသ

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီက ကျေးရွာတွေထဲ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက အောက်တိုဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ တောင်ပိုင်းစစ်ဒေသအတွင်း ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်တာ၊ လေကြောင်းကနေတိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်း အရပ်သား သုံးရာနီးပါး (၂၉၃ ဦး) လည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်း စခန်းသိမ်းတိုက်ပွဲ သုံးကြိမ်အပါအဝင် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၆၆ ကြိမ် ဖြစ်ခဲ့သလို စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၁၄၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၉၆ ဦးနဲ့ ဖမ်းဆီးရမိသူ ရှစ်ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၁၇ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဖက်ထိခိုက်သေဆုံးတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (AD) ပူးပေါင်းတပ်ဖွဲ့တွေ၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေနဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်းမှာ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီ၊ ကယားနဲ့ မွန်တို့ ပါဝင်ပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။