၂၀၂၃ မှာ နိုင်ငံရေးအလှည့်အပြောင်း ဖြစ်လာမယ်လို့ NUG ယာယီသမ္မတပြော
2023.01.01
စစ်ကောင်စီဟာ နိုင်ငံတကာစာမျက်နှာမှာ နေရာမရတဲ့အပြင် ပြည်တွင်းခုခံတော်လှန်မှု တွေလည်း အရှိန်ကောင်းလာတာကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအလှည့်အပြောင်း ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာလည်း အာဏာသက်ဆိုးရှည်ရေးနဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်လို့ ဆန့်ကျင်ရမယ် လို့ ယာယီသမ္မတက ပြောပါတယ်။
“ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးချင်တဲ့ နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေးထောင်ချောက် သက်သက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုကပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင် တော်လှန်ရမှာဖြစ်တယ်။ ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ် ဖြစ်ပါတယ်။ စစ်အုပ်စုကို ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ဖို့ဆိုရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားစိုက်တော်လှန်ကြဖို့ လိုပါတယ်”
၂၀၂၂ ခုနှစ်အတွင်း NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ယုံကြည်မှုကို ပိုပြီးတည်ဆောက်နိုင်ခဲ့သလို လက်တွေ့ကျကျ လုပ်နိုင်ခဲ့တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေးတွေလည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၃ ခုနှစ်အတွင်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပဖို့နဲ့ တိုင်းပြည်ကို မူလအခြေအနေအတိုင်းဖြစ်ဖို့ လုပ်မယ်လို့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။