လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စုစည်းဖို့ အချိန်ကျပြီလို့ NUG ဝန်ကြီးချုပ်ပြော

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.16
Share on WhatsApp
Share on WhatsApp
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စုစည်းဖို့ အချိန်ကျပြီလို့ NUG ဝန်ကြီးချုပ်ပြော ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ကင်းစောင့်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်များ။
Reuters

၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအတွက် အရေးပါတဲ့အလှည့်အပြောင်းနှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတ်မှတ်ထား တာကြောင့် လက်ရှိအချိန်ဟာ တော်လှန်ရေးအင်အားစုတွေ စုစည်းနိုင်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်ပြီလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ LDF တွေကြားမှာ အင်အားစုစည်းနိုင်ဖို့က အရေးအကြီးဆုံးအချိန်ဖြစ်ပြီလို့ မတ်လ ၁၆ ရက်နေ့က ကျင်းပတဲ့ NUG ရဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ သူကပြောလိုက်တာပါ။

272072646_251956057052858_2795576585690425209_n.jpg
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း။ (Photo:Mahn Winn Khaing Thann - Prime Minister of NUG)

"ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းက လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် စိုးစဉ်းမျှ သံသယဝင် အမြင်စောင်းလို့ မရဘူးဆိုတာ အားလုံးသိရှိနားလည်ပြီးသား ဖြစ်မှာပါ။ ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ယူထားကြတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ၊localအဖွဲ့တွေနဲ့ ပကဖတွေအားလုံး command တစ်ခုတည်းအောက်မှာ စုစည်းလုပ်ဆောင်ကြဖို့၊ NUG command အောက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိုက်နာရမယ့် စစ်ရေးကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာကြစေဖို့နဲ့ ဒေသန္တရအုပ်ချုပ်ရေး အောင်မြင်အောင် ပံ့ပိုးပေးဖို့ စတာတွေအတွက် ပိုမိုအားထုတ် ညှိနှိုင်းလုပ်ဆောင်ကြဖို့ ထပ်မံမှာကြားလိုပါတယ်။" လို့ မန်းဝင်းခိုင်သန်း ကပြောပါတယ်။

ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းက လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် စိုးစဉ်းမျှ သံသယဝင် အမြင်စောင်းလို့ မရဘူး။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းပေါင်း (၃၀၀) ကျော်ကို ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း (၃၃၀) အနက် မြို့နယ် (၂၅၀) ကျော်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတင်းဌာနတွေကို ဖြေကြားထားဖူးပါတယ်။

နိုင်ငံတကာက မြန်မာပြည်အရေးလေ့လာသုံးသပ်သူတွေက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ တစ်စုတစ်စည်းထဲ စုစည်းဖို့လိုအပ် ကြောင်းထောက်ပြပြောဆိုမှုတွေရှိနေတာပါ။

တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းပေါင်း (၃၀၀) ကျော်ကို ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း (၃၃၀) အနက် မြို့နယ် (၂၅၀) ကျော်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း စစ်ကောင်စီက မြေပြင်တိုက်ခိုက်မှုတွေမှာ အင်အားလျော့နည်းလာတဲ့ လက်ရှိကာလမှာ ဒေသခံတွေကို လူသားဒိုင်းလုပ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက မတ်လ ၁၆ ရက်နေ့ အစည်းအဝေးမှာ ပြောလိုက် ပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးခံရချိန်မှာ စနစ်တကျ နေရပ်စွန့်ခွာရှောင်တိမ်းရေး၊ လူသားဒိုင်းလုပ်ခံရမှုကို ရှောင်ရှားနိုင်ရေး အတွက် ဒေသနဲ့ ကျေးရွာအလိုက် ပြင်ဆင်ထားပြီး အတက်နိုင်ဆုံးဖြစ်ရပ်ဆိုးတွေလျော့ချနိုင်ရေး လုပ်ဆောင်ဖို့ကိုလည်း NUG ဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်တွေကို ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။