မှတ်ပုံတင်နံပါတ်ကြည့် အလုပ်ထုတ်နေတဲ့ အလုပ်ရှင်တွေကို NUG အရေးယူမည်

မှတ်ပုံတင်နံပါတ်ကြည့်ပြီး အလုပ်ထုတ်နေတဲ့ လုပ်ငန်းရှင်တွေ၊ အလုပ်မခန့်တဲ့ လုပ်ငန်းရှင်တွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်ခုခံနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းကနေ ရန်ကုန်မြို့ကို လာအလုပ်လုပ်ကြတဲ့သူတွေ ခွဲခြားဆက်ဆံခံနေရတာ ဖြစ်ပါတယ်။

၅ မျဉ်းစောင်းနဲ့ စတဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင်ကိုင်သူ၊ ၈ မျဉ်းစောင်းနဲ့စတဲ့ မကွေးတိုင်းမှတ်ပုံတင်ကိုင်သူ အယောက် (၁ဝဝ)ကျော် ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစလို့ အကြောင်းမဲ့ အလုပ်ထုတ်ပယ် ခံခဲ့ရကြောင်း RFA က ဩဂုတ်လ ၁၉ ရက်နေ့မှာ သတင်းထုတ်လွှင့်ခဲ့ပါတယ်။

ဒီလိုမှတ်ပုံတင်နံပါတ်ကြည့်ပြီး အလုပ်ထုတ်၊ အလုပ်မခန့်တဲ့ လုပ်ရပ်ဟာ အခြေခံ အလုပ်သမားအခွင့်အရေးနဲ့ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ NUG အစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အလုပ်ရှင်တွေဟာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး အလုပ်သမားတွေ အဆောင်မှာ နေလို့မရအောင် ဖိအားပေးတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အလုပ်သမားတွေ ရဲရဲဝင့်ဝင့်ပါဝင်နေကြသလို အလုပ်ရှင်တွေဘက်ကလည်း ခွဲခြားဆက်ဆံတာ မလုပ်ဘဲ ပူးပေါင်းပေးကြဖို့ NUG က တိုက်တွန်းထားပါတယ်။