ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ ရပ်ကွက် (၇) နဲ့ ရပ်ကွက် (၆) မှာရှိတဲ့ NUG ပြည်ထောင်စုဝန်ကြီး အိမ်နဲ့ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRKH) အဖွဲ့ဝင် နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဇွန်လ ၁၃ ရက်၊ ညနေပိုင်းမှာ လာချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထုံးအိုင်ကျေးရွာ၊ ရပ်ကွက် (၇)၊ ၃ လမ်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ နေအိမ်နဲ့ ရပ်ကွက် (၆)၊ ၂ လမ်းမှာရှိတဲ့ NLD ပါတီရဲ့ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လက်ရှိ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRKH) အဖွဲ့ဝင်လည်းဖြစ်သူ ဦးတင်ဝင်းရဲ့ နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းခံရတာပါ။
ဇွန်လ ၁၃ ရက်၊ ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီလက်အောက်ခံ ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦးနဲ့ လက်နက်ကိုင် ရဲသားတစ်ဦး၊ အရပ်ဝတ်ထားတဲ့ အုပ်ချုပ်ရေးပိုင်းက လူလေးဦး စုစုပေါင်း အင်အား ခုနစ်ဦးနဲ့လာပြီး နေအိမ်ကို စာကပ်၊ သော့ခတ်၊ ဓာတ်ပုံရိုက်ပြီး ချိပ်ပိတ်သွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ထုံးအိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီအိမ်တွေက လူတွေလည်းရှိမနေတာ ကြာပြီလေ။ ဟို ဝန်ကြီးဖြစ်သွားတဲ့ ဘကြီးရဲ့ အိမ်က ပိုဆိုးပေါ့။ ရပ်ကွက် ၇ မှာရှိတာ။ အိမ်တွေက သူတို့မွှေနေကျဖြစ်နေတာပဲ။ ၁၃ ရက်ကပေါ့ ညနေပိုင်း ၄ နာရီလောက်ရှိမယ်။ ရဲက သုံးဦး၊ ယူနီဖောင်းဝတ်ထားတာ။ အရာရှိ နှစ်ဦးပေါ့။ လက်တိုနဲ့။ တစ်ဦးက သေနတ်နဲ့။ အုပ်ချုပ်ရေးကနေမှာပဲ။ အရပ်ဝတ်တွေ ဝတ်ထားတာက လေးဦးတွေ့တယ်။ သူတို့က ဒီအိမ်ကို အကြမ်းဖက် ဥပဒေနဲ့ ချိတ်ပိတ်တယ်ပေါ့၊ အဲလိုကပ်စာတွေ ကပ်သွားတယ်”
စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ထုံးအိုင်ကျေးရွာ၊ ၆ ရပ်ကွက်၊ ၂ လမ်းက CRKH အဖွဲ့ဝင် ဦးတင်ဝင်းရဲ့ အိမ်ကို ဇွန်လ ၁၃ ရက်နေ့၊ ညနေ ၃ နာရီခွဲမှာ ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဓာတ်ပုံနဲ့တကွ ရေးသားထားတာ တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်တမ်းကောက်ယူရေးအဖွဲ့ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော် ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်အထိ နိုင်ငံတစ်ဝန်းက NLD ကိုယ်စားလှယ်၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၄၉ ဦးရဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေ စုစုပေါင်း ၉၇၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။
ဒီအထဲမှာ စီးပွားရေးလုပ်ငန်း၊ အဆောက်အအုံ၊ စားသောက်ဆိုင်၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ တည်းခိုခန်းနဲ့ ဟိုတယ်တွေလည်း ပါဝင်ပါတယ်။
ဒီစာရင်းတွေဟာ အသိမ်းခံလိုက်ရတဲ့ ကာယကံရှင်တွေ၊ ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဆီကနေ ကောက်ယူထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။