စက်တင်ဘာလအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၆ဝ ကျော် သေဆုံး

RFA Burmese
2024.10.19
စက်တင်ဘာလအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၆ဝ ကျော် သေဆုံး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က လားရှိုးမြို့ရှိ မန်နားရွာကို စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်။
Facebook/လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့

၂၀၂၄ ခုနှစ် စက်တင်ဘာလ တစ်လအတွင်း ပဋိပက္ခဒေသတွေမှာ အနည်းဆုံး အရပ်သား ၂၆၁ ဦး သေဆုံးခဲ့ပြီး ၄၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီသေဆုံးမှုတွေဟာ စစ်ဆင်ရေးနဲ့ တိုက်ပွဲတွေကြောင့်တင်မကဘဲ စစ်ကောင်စီတပ်၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမည်မသိအဖွဲ့အစည်းတွေရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အရပ်သားတွေအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်တာဟာ စက်တင်ဘာလအတွင်း အများဆုံးဖြစ်ပြီး သေဆုံးသူ အရပ်သား ၁၂၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒုတိယအများဆုံးကတော့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄၉ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အမည်မသိအဖွဲ့အစည်းတွေကြောင့် သေဆုံးသူ ၂၂ ဦး ရှိတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စုစုပေါင်း သေဆုံးသူ အရပ်သား ငါးဦးအထိ ရှိတယ်လို့ ရေးသားထားပါတယ်။

စက်တင်ဘာလအတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၁ဝဝ နီးပါး သေဆုံးခဲ့ပြီး သုံးရာကျော် (၃၂၆ ဦး) ဒဏ်ရာရခဲ့သလို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ၂၉ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။ ဉာဏ်လင်းသစ်အဖွဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလအတွင်း အရပ်သား ၁၈၈၄ ယောက်ဟာ စစ်ကောင်စီတပ်၊ တော်လှန်ရေးအဖွဲ့တွေနဲ့ အမည်မသိအဖွဲ့တွေရဲ့ ဖမ်းဆီးခံထားရပါတယ်။

ဒီထုတ်ပြန်ချက်ဟာ သတင်းဌာနပေါင်း လေးဆယ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကို လေ့လာကောက်ယူထားတာဖြစ်ပြီး ထိခိုက်သေဆုံးမှုအရေအတွက်ဟာ လက်တွေ့မှာ ပိုများနိုင်တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။