မတ္တရာမြို့နယ် ညောင်အုပ်ရွာခံတစ်ဦး ပစ်သတ်ခံရပြီး လေးဦးအဖမ်းခံထားရ
2023.07.26
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ညောင်အုပ်ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၄ ရက်ညနေပိုင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့သလို ဖမ်းဆီးခံရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၄၀ ပါစစ်ကြောင်းဟာ အဲဒီနေ့က ရွာသား ၂၅ ဦးကိုပါ ဖမ်းဆီးခဲ့ပြီး ညောင်အုပ်ဘုန်းကြီးကျောင်းထဲမှာ စစ်ဆေးမေးမြန်းခဲ့သလို မနက်ပိုင်းမှာတော့ အိမ်မှာပဲနေဖို့ပြောပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၆ ရက်ဒီနေ့မှာတော့ အသက် ၂၀ ကျော်အရွယ် ဒေသခံ လူငယ်လေးဦး ရွာထဲမှာစားစရာပြန်ယူရင်း အဖမ်းခံလိုက်ရပြီး အဆက်သွယ်မရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက စစ်ကြောင်းဝင်လာချိန်က ငါးဖမ်းနေတဲ့ သားအဖနှစ်ဦး အပစ်ခံခဲ့ရတာဖြစ်ပြီး အသက်ငါးဆယ်ကျော်အရွယ် ဦးသန်းလင်း သေဆုံးခဲ့တာလို့ RFA ကို ပြောပါတယ်။
"ရွာထဲဝင်ဝင်ချင်း သေနတ်တွေထောင်ဖောက်ပြီး ဝင်လာတာ။ ရွာနားက အင်းထဲမှာ ငါးပိုက်တန်းနေတဲ့ သားအဖ နှစ်ယောက်က ကြောက်ပြီးပြေးတော့ ပစ်လိုက်တာ။ အဖေကတော့ ဗိုက်ပေါက်ပြီး သေသွားတယ်။ သမီးကတော့ လက်မှန်သွားတာပေါ့ ၁၃ နှစ်လောက်ပဲရှိဦးမယ်။ သူကထွက်ပြေးလို့ လွတ်သွားတယ်ဗျ။ အဲနေ့ကတော့ ၂၅ ယောက်လောက် ဖမ်းခံရတယ်ဗျ။ မနက်လင်းတော့ ပြန်လွှတ်လိုက်တယ်။ ကိုယ့်အိမ်ကိုယ်နေ ဘယ်မှမသွားနဲ့ သွားရင်အိမ်တွေကိုမီးရှို့မှာ ဆိုပြီးတော့ပေါ့။ ဒီမနက် လေးယောက် ထပ်အဖမ်းခံရတယ်"
ရွာသားတွေကတော့ ရွာထဲမှာမနေရဲတော့တာကြောင့် အနီးအနားဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ မသိသေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။
မတ္တရာအခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ မန္တလေးကနေ စစ်သင်္ဘောတွေထွက်ဖို့ ရှိတာကြောင့် အဲဒါကိုအကာအကွယ်အပေးချင်လို့ ရွာတွေဝင်စီးနေတာလို့ ပြောပါတယ်။
"ဒီကနေ့ဆို မန္တလေးကနေ စစ်သင်္ဘောတွေ ထွက်တယ်လေ။ အဲဒါကို အကာအကွယ်ပေးချင်လို့ ရွာသားတွေကို ဖမ်းတယ်၊ ရွာကိုဝင်စီးတယ် အဲလိုဖြစ်မယ်ဗျ"
ဇူလိုင်လ ၂၆ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ မန္တလေးဆိပ်ကမ်းကနေ စစ်ကောင်စီတပ် စစ်သင်္ဘောသုံးစီးနဲ့ ပစ္စည်းတွေတင်ဆောင်ထားတဲ့ သင်္ဘောခြောက်စီးတို့ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဆန်တက်သွားတယ်လို့လည်း ဆိုပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကလည်း အိမ်ခြေနှစ်ရာကျော်ရှိတဲ့ ညောင်အုပ်ရွာမှာ လက်သမားလုပ်နေတဲ့ အမျိုးသား လေးဦးသတ်ဖြတ်ခံခဲ့ရပြီး မြစ်ထဲပစ်ချခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။