နှိပ်စက်ခံရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ SSPP ကို အရပ်ဘက်အဖွဲ့ ၃၀ ကျော်တောင်းဆို

RFA Burmese
2023.05.20
နှိပ်စက်ခံရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ SSPP ကို အရပ်ဘက်အဖွဲ့ ၃၀ ကျော်တောင်းဆို လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ မီးမြှိုက်ပြီး စစ်ဆေးခံနေရသည့် အရပ်သားတစ်ဦးအား တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးနှိပ်စက်တာ ခံခဲ့ရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ပြည်တွင်း၊ ပြည်ပက အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က မေလ ၁၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

အမျိုးသားတစ်ဦးကို သစ်ပင်ပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ချိတ်ဆွဲပြီး အောက်ကနေ မီးနဲ့မြှိုက်နှိပ်စက်တဲ့ ရုပ်သံတစ်ခု မကြာသေးခင်ရက်ပိုင်းက လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာမှာ ပျံ့နှံ့လာပြီးနောက် အခုလို စာထုတ်ပြန် တောင်းဆိုတာပါ။

အဲဒီရုပ်သံဖိုင်ထဲမှာမြင်ရတဲ့ မီးမြှိုက်နှိပ်စက်ခံရသူဟာ ဖောင်းဆိုင်ရွာသူကြီး ဦးဝါလဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားတွေသာမက တခြားတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းတွေကပါ အတူတူပူးပေါင်းပါဝင်ပြီး တောင်းဆိုတာ ထူးခြားမှုဖြစ်တယ်လို့ ပြည်ပရောက် သျှမ်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူများကွန်ရက် ပြောရေးဆိုခွင့်ရှိသူ မနမ်းမောက်ဟွမ်က RFA ကိုပြောပါတယ်။

“အရင်ကလည်း ဒီလိုဖြစ်ရပ်တွေအတွက် ထုတ်ပြန်တာတွေ တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရှမ်းပြည်ထဲမှာနေတဲ့ ရှမ်းမဟုတ်တဲ့ တခြား တိုင်းရင်းသားပေါ့နော် သူတို့တွေ ပူးပါဝင်ခဲ့တာ မရှိဘူးရှင့်။ ဒီတစ်ကြိမ်ကတော့ ထူးခြားချက်လို့ပဲ ပြောချင်ပါတယ်”

အခုလိုကိစ္စမျိုးတွေက SSPP/SSA တပ်ဖွဲ့တင်မကဘဲ ရှမ်းပြည်နယ်ထဲက အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှပါ ရှိနေတာကြောင့် တိတိကျကျ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

SSPP ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ မိုင်းကိုင်နဲ့ လဲချားဘက်မှာ SSPP စစ်ကြောင်းတွေကို RCSS က မကြာခဏ မိုင်းထောင်တာ၊ ချောင်းမြောင်းပစ်ခတ်တာတွေ လုပ်တာကြောင့် အဲဒီအထဲပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေကို စစ်ဆေးနေတာလို့ RFA ကို မေလ ၁၀ ရက်နေ့က ဖြေဆိုထားပါတယ်။

နှိပ်စက်ခံရသူ ဘယ်သူဘယ်ဝါဆိုတာကို ပြောလို့မရသေးပေမယ့် စစ်ဥပဒေထက် ကျော်လွန်စစ်ဆေးခဲ့မှုကိုတော့ ကျူးလွန်သူတွေကို စုံစမ်းဆေးမှာဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဖြေဆိုထားပါတယ်။

ဒီကိစ္စအပေါ် တုံ့ပြန်မှုရဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးကို RFA က မေလ ၁၀ ရက်နေ့မှာပဲ ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးဝါလနဲ့ မတရား ဖမ်းဆီးခံရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ နစ်နာခဲ့သူများနဲ့ သတ်ဖြတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကို တာဝန်ယူပေးဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနဲ့ လူသားချင်း စာနာထောက်ထားမှုဥပဒေကို အပြည့်အဝလိုက်နာပေးဖို့နဲ့ အဲဒါတွေကိုမချိုးဖောက်ဖို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။