မူဆယ်မြို့မှာ ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံး

2021.12.30
မူဆယ်မြို့မှာ ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံး မူဆယ်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ် (မြောက်ပိုင်း) မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က ငွေဆင်အိမ်ယာအနားမှာ ဒီဇင်ဘာလ ၂၉ ရက် မနေ့ည ၁၀ နာရီလောက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်လို့ တစ်ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ တစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူကတော့ တာမိုးညဲပြည်သူ့စစ်အဖွဲ့ဝင် အသက် (၃၀) အရွယ် အမျိုးသားဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် အခြားပြည်သူ့စစ်အဖွဲ့နှစ်ဦးအပြင် အနီးအနားမှာ လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်မှာ စကားများပြီးအပြန် လမ်းမှာအချင်းချင်းပစ်ခတ်ကြတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

မနေ့ကညပိုင်းက မူဆယ်မြို့ မင်္ဂလာမူဆယ် အပါအဝင် နေရာ ၃ နေရာလောက်မှာ ပစ်ခတ်သံတွေ ကြားခဲ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုမှာ တာမိုးညဲပြည်သူ့စစ်အဖွဲ့အပြင် အခြားဘယ်အဖွဲ့လဲဆိုတာတော့ တိတိကျကျ မသိရသေးသလို စစ်ကောင်စီဘက်ကလဲ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ငွေဆင်အိမ်ယာအနားက စားသောက်ဆိုင်တစ်ခုရှေ့မှာ ပြည်သူ့စစ်အဖွဲ့အချင်းချင်း စကားများနေတဲ့ VIDEO ဗီဒီယိုဖိုင်တစ်ခုနဲ့ မြို့နေရာအချို့မှာ ပစ်ခတ်နေတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာပါတယ်။

မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ရုံးတွေ အများအပြားရှိနေသလို အချင်းချင်းပစ်ခတ်မှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လာရောက်ပစ်တာတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။