မူဆယ်မြို့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ မြန်မာဝန်ထမ်း လေးရာပိတ်လှောင်ခံထားရ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ပန်ခမ်းတံတားအနီး အဆောက်အအုံတစ်ခုက တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုမှာ မြန်မာနိုင်ငံသား လေးရာခန့် ပိတ်လှောင်ခံထားရတယ်လို့ ကိုယ်တိုင်ဒုက္ခ ရောက်နေသူ အမျိုးသမီးငယ် တစ်ဦးက RFA ကို ဆက်သွယ်ပြောဆိုလာပါတယ်။

တရုတ်နိုင်ငံသား ၃၀ လောက်က အဲဒီလုပ်ငန်းကို ဦးဆောင်နေတာဖြစ်ပြီး ခိုင်းစေခံနေရတဲ့ မြန်မာဝန်ထမ်း လူငယ်တွေ နေရပ်ပြန်ချင်ပေမယ့် ပြန်ခွင့်မပေးဘဲ ပိတ်လှောင်ထားတာလို့ ဆိုပါတယ်။

အဲဒီအဆောက်အအုံမှာ လာလုပ်နေသူ အများစုဟာ အဝေးသင်တက္ကသိုလ်တက်ဖို့ ငွေလာရှာတဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသားတွေဖြစ်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီအမျိုးသမီးငယ်က RFA ကို ဒီနေ့ပြောပါတယ်။

“အစကခေါ်တော့ သုံးလလို့ ပြောတာပေါ့နော်။ အခုသုံးလပြည့်တော့လည်း ပေးမပြန်ဘူး။ ခြိမ်းခြောက်ထားတယ်။ မန္တလေး၊ ရန်ကုန်၊ မိုးကုတ် နယ်အစုံက လူတွေ ပါတယ်။ အဝေးသင်တက်ဖို့ ငွေလာရှာတဲ့ ကျောင်းသားတွေပါတယ်။ အသက် ၁၅ နှစ်၊ ၁၈ နှစ်တွေလည်း ပါတယ်။ စုစုပေါင်း လေးရာလောက်ရှိတယ်။ မိသားစုက ကျန်းမာရေးမကောင်းလို့ ပြန်ခေါ်တာတောင် ပြန်လို့မရဘူး”

ပြန်ချင်တဲ့လူငယ်တွေကို ခြံဝင်းတံခါး ပိတ်ထားပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေက စောင့်ကြပ်ထားတယ်လို့လည်း သူကဆိုပါတယ်။

ကွန်ပျူတာ စာရင်းကိုင် အလုပ်အတွက် တစ်လကို တရုတ်ယွမ် ငွေသုံးထောင် (မြန်မာငွေ ဆယ့်သုံးသိန်းနီးပါး) ရမယ်ဆိုပြီး အလုပ်ခေါ်ခဲ့တာကြောင့် သွားလုပ်ချိန်မှာ အွန်လိုင်းကနေ ငွေလိမ်တဲ့အလုပ်ဖြစ်နေတာကို သိရတာလို့ သူကဆိုပါတယ်။ အခု သုံးလလုပ်ပြီးချိန်မှာ တရုတ်ယွမ်ငွေ တစ်ထောင်ပဲ လုပ်ခပေးတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီအွန်းလိုင်ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတစ်ဦးဟာ မြန်မာ အမျိုးသမီးငယ် ဝန်ထမ်းတစ်ဦးကို အဓမ္မပြုကျင့်ခဲ့လို့ တိုင်ကြားတဲ့အခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးခဲ့ပေမယ့် ကြိုသတင်းရတာကြောင့် မုဒိမ်းမှု ကျူးလွန်သူ အပါအဝင် တရုတ်နိုင်ငံသား ၁၅ ဦး တိမ်းရှောင်သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

နောက်ရက်မှာပဲ အားလုံးပြန်ရောက်လာပြီး ငွေလိမ်တဲ့အလုပ်ကို ဒေသအခြေစိုက် ပြည်သူ့စစ် တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ဖိအားပေး ဆက်လက်ခိုင်းစေနေတယ်လို့ ဆိုပါတယ်။

“ရဲတွေ၊ စစ်သားတွေ လာတယ်။ တရုတ်နိုင်ငံသားတစ်ယောက်ကို လာရှာတာတဲ့။ အထဲက လူတွေကကြောက်တော့ ဘာမှမပြောရဲဘူး။ အခု ဒီထဲမှာလည်း ပြည်သူ့စစ်တွေ လုံခြုံရေးယူထားတာ ရှိတယ်။ သူတို့လက်မောင်းမှာ နမ့်ဖတ်ကာပြည်သူ့စစ်နဲ့ မန်ပြိန်းပြည်သူ့စစ်လို့ ရေးထားတယ်”

အခု သူတို့အားလုံး ဆက်မလုပ်ချင်လို့ ပြန်ခွင့်တောင်းပေမယ့် ပိတ်လှောင်ထားတာကြောင့် ခြံဝင်းတံခါးပေါက်နားမှာပဲ လက်ဆွဲအိတ်တွေ တန်းစီချထားပြီး ဆန္ဒပြနေတာ သုံးရက် ရှိပြီလို့လည်း ကိုယ်တွေ့ကြုံနေသူတွေက RFA ကို သတင်းပို့ပြောကြားလာပါတယ်။

ဒီပြောဆိုချက်တွေ မှန်၊ မမှန် သိနိုင်ဖို့ စစ်ကောင်စီရဲ့ မူဆယ်ခရိုင် အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ပိတ်လှောင် ထားတယ်ဆိုတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ပြည်သူ့စစ်နဲ့ မန်ပြိန်းပြည်သူ့စစ် တာဝန်ရှိသူတွေကို RFA က ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ဒီကိစ္စထပ်မံသိရှိနိုင်ဖို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေလ်ကတစ်ဆင့် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်းပေါင်း သုံးရာနီးပါးရှိနေပြီး ဝန်ထမ်း တစ်သောင်းလောက် လုပ်ကိုင်နေတယ်လို့လည်း မူဆယ်မြို့ခံတွေက ပြောပါတယ်။