ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား ၇၆၀ ကျော်ကို UWSA တရုတ်ထံ လွှဲပြောင်း

RFA Burmese
2024.11.20
ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား ၇၆၀ ကျော်ကို UWSA တရုတ်ထံ လွှဲပြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဖမ်းမိသည့် တရုတ်နိုင်ငံသားအချို့ကို "၀" တပ်ဖွဲ့ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်အစိုးရထံ လွှဲပြောင်းပေးနေစဉ်။
Wa New Land

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်ဂိုဏ်း) တွေနဲ့ ဆက်စပ်သူ လူတစ်ထောင်ကျော်ကို UWSA “၀” တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဲဒီအထဲက တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံထံ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ လွှဲပြောင်းပေးလိုက်တယ်လို့ UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရမ်းက ပြောပါတယ်။

“ကျွန်တော်တို့"ဝ"အဖွဲ့လှုပ်ရှားတဲ့ တန့်ယန်းနယ်မှာ ကျားဖြန့် တစ်ထောင်ကျော် ဖမ်းမိတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကလူပါ။ မနေ့က"ဝ" တရုတ်နယ်စပ်ခြားဂိတ်မှာ လွှဲပြောင်းပေးလိုက်ပါတယ်”

"၀" တပ်ဖွဲ့ တရားရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တန့်ယန်းမြို့က ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန တာဝန်ရှိသူတွေထံကို ပန်ဝိုင်မြို့က ဒီယုံဟော့ နယ်ခြားဂိတ်ကနေ လွှဲပြောင်းခဲ့တာလို့ ဆိုပါတယ်။

သူတို့နဲ့ အတူဆက်စပ် ဖမ်းမိတဲ့ Starlink အင်တာနက် စက်၊ ဖုန်း၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းခဲ့တယ်လို့ UWSA က ပြောပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးမယ်လို့ ဦးညီရမ်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ တန့်ယန်းမြို့ကို "၀" တပ်ဖွဲ့က ထိန်းချုပ်ပြီးနောက်ပိုင်း အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူတွေ အလုံးအရင်းနဲ့ ဖမ်းမိတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒါပေမဲ့ တန့်ယန်းဒေသမှာ ဖမ်းမမိဘဲကျန်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆက်ရှိနေပြီး လောင်းကစား လုပ်ငန်းတွေလည်း ပိုများလာတယ်လို့ တန့်ယန်းဒေသခံတစ်ဦးက ပြောပါတယ်။

“အခုရက်ပိုင်း တန့်ယန်းမှာ ကျားဖြန့်တွေ ဖမ်းမိတာဟုတ်တယ်။ အများစုက “ဝ” တပ်ဖွဲ့ ထိန်းထားတဲ့ ရွာတွေ ဘက်ကနေမိတာ။ နောက်ထပ် ကျန်တာတွေ ရှိသေးတယ်။ ကျားဖြန့်တွေက အခုဆို တစ်နေရာတည်းမှာပဲ လုပ်တာ မဟုတ်တော့ဘူး။ နေရာရွှေ့ရွှေ့ပြီး လုပ်နေတာ။ ဒီလို ရွှေ့ပြီးလုပ်နိုင်ဖို့ကလည်း ဒေသအာဏာပိုင်တွေ မသိဘဲတော့ လုပ်လို့မရဘူး”

၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေတုန်းကလည်း "၀" ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက် စပ်တဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးပြီး နယ်စပ်က တဆင့် တရုတ်ရဲတပ်ဖွဲ့ထံ ချက်ချင်း လွှဲ ပြောင်းပေးခဲ့ပါတယ်။

စစ်ကောင်စီကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။