အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်သူ သုံးဦးနဲ့ အဖွဲ့အစည်းတစ်ခုကို EU ပိတ်ဆို့အရေးယူ

RFA Burmese
2024.10.29
အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်သူ သုံးဦးနဲ့ အဖွဲ့အစည်းတစ်ခုကို EU ပိတ်ဆို့အရေးယူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီး စောချစ်သူအား တွေ့ရစဥ်။
KIC

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ လူပုဂ္ဂိုလ် သုံးဦးကို ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ပတ်ဝန်းကျင်မှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ အကျိုးအမြတ်ရနေတဲ့ ချစ်လင်းမြိုင်အုပ်စု (CLM) ကို ဒဏ်ခတ်ပိတ်ဆို့လိုက်တာပါ။ CLM ကို တည်ထောင်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF (ခေါ်) ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကိုလည်း ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ EU က ထည့်သွင်းလိုက်ပါတယ်။

ဒါ့အပြင် KNA ဒုတိယအထွေထွေ အတွင်းရေးမှူး ဗိုလ်မုတ်သုံနဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ တိုက်ရိုက်ခိုင်းစေတာကို ဆောင်ရွက်နေသူ ဗိုလ်တင်ဝင်းတို့ကိုလည်း ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အရေးယူတဲ့စာရင်းမှာ ထည့်သွင်းထားပါတယ်။

အရေးယူခံရသူတွေဟာ ကရင်ပြည်နယ် မြဝတီမြို့အနီးက ရွှေကုက္ကို၊ KK Park တို့လိုနေရာတွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်နေတာလို့ EU က ပြောထားပါတယ်။

ကုမ္ပဏီသုံးခုနဲ့ လူပုဂ္ဂိုလ်သုံးခုကို ထပ်တိုးအရေးယူလိုက်တာကြောင့် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံမှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသူ စုစုပေါင်း ၁၀၆ ဦးအထိရှိလာတဲ့အပြင် အဖွဲ့အစည်း ၂၂ ခုကိုလည်း အရေးယူထားကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

အရေးယူထားသူတွေနဲ့ အဖွဲ့အစည်းတွေ အကျိုးအမြတ်ရှိစေမဲ့ ကိစ္စတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဆောင်ရွက်မှုတွေကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရေယူတဲ့စာရင်းထဲပါဝင်နေသူတွေကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ခရီးသွားလာခွင့်လည်း ပိတ်ထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းမှာပါဝင်နေတဲ့ BGF ခေါင်းဆောင်တွေကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း တောင်းဆိုတာတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။