အွန်လိုင်းလုပ်ငန်းအားလုံး မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီ ကြေညာ

ပြည်တွင်းမှာ အွန်လိုင်းကနေ ရောင်းချတဲ့ လုပ်ငန်းတွေ မှတ်ပုံတင်ရမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒီလိုအွန်လိုင်းက စျေးရောင်းသူတွေကို မှတ်ပုံတင်ခိုင်းတာဟာ လုပ်ငန်းအခွန်တွေ ကောက်ချင်လို့ လုပ်တာလို့ ပြည်ပကနေ အလှကုန်တင်သွင်းရောင်းချသူတစ်ဦးက ပြောပါတယ်။

“အွန်လိုင်းကရောင်းတဲ့သူတွေက အရမ်းများတယ်လေ။ အရေးကြီးကုန်စည်လို့ သတ်မှတ်လိုက်တာက အခွန်ကို တိုးကောက်ဖို့ များများရနိုင်ဖို့ သတ်မှတ်တယ်လို့ ထင်တယ်။ လတ်တလောတော့ မလုပ်သင့်သေးဘူးလို့တော့ မြင်တာပေါ့။ အရေးယူတာလည်း ဘယ်လိုအရေးယူမယ်ဆိုတာ မသိနိုင်သေးဘူး။ အွန်လိုင်းက မှတ်ပုံတင်ရမယ်ဆို အကုန်လုံးရဲ့ လိပ်စာတွေ ဖုန်းနံပါတ်တွေ အကုန်မှတ်ပုံတင်ရမှာ ဒီအချက်အလက်တွေလည်း လိုက်ချင်တဲ့အတွက်ကြောင့်လို့ ထင်တယ်”

အွန်လိုင်းကနေ စျေးရောင်းချသူ မည်သူမဆို ခြောက်လအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး ပျက်ကွက်ခဲ့ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခံရမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်က စားသုံးသူရေးရာဦးစီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အရေးကြီးကုန်စည်ဝန်ဆောင်မှုပုဒ်မ ၅ အရ ခြောက်လအတွင်း မှတ်ပုံမတင်ဘဲ ရောင်းချရင် အနည်းဆုံး ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

အွန်လိုင်းလုပ်ငန်းအားလုံးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဥပဒေအရ အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားတယ်လို့ ပါရှိပါတယ်။

ဒီလိုကြေညာချက်ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေသူတွေဟာ နိုင်ငံရေးဟောပြောတာ၊ ဆူပူအောင် လှုံ့ဆော်တာ၊ စည်းရုံးတာ၊ အားပေးတာ၊ ဆန္ဒထုတ်ဖော်တာတွေ ရှောင်ကြဉ်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလိုကြေညာချက်ထုတ်တာဟာ အွန်လိုင်းက ဝင်ငွေလွှဲပြောင်းတာတွေကို ထိန်းချုပ်လိုတာနဲ့အတူ အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလှုပ်ရှားမှုတွေအတွက် ထောက်ပံ့တာတွေကိုပါ ကန့်သတ်လိုတာကြောင့် ဖြစ်တယ်လို့ အွန်လိုင်းရောင်းချသူတွေက ယူဆကြပါတယ်။

ကိုဗစ်ကပ်ဖြစ်ပွားတဲ့ကာလကစပြီး အခြေခံစားသောက်ကုန်ကစလို့ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်တွေကို အွန်လိုင်းကနေ ရောင်းချသူတွေ၊ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ များလာတာဖြစ်ပါတယ်။