အွန်လိုင်းငွေလိမ်လုပ်ငန်းပပျောက်ရေး တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံ ဆွေးနွေးသဘောတူ

RFA Burmese
2025.01.21
အွန်လိုင်းငွေလိမ်လုပ်ငန်းပပျောက်ရေး တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံ ဆွေးနွေးသဘောတူ ထိုင်းမြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သည့် တရုတ် သရုပ်ဆောင် Wang Xing ခေါ် Xingxing အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ရဲစခန်းတွင် တွေ့ရစဉ်။
Royal Thai Police/ REUTERS

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေပပျောက်ရေး တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးသဘောတူခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့က တွေ့ဆုံဆွေး‌နွေးသ‌ဘောတူခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက တာဝန်ရှိသူတွေဟာ နိုင်ငံတွင်းမှာရှိနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့၊ အွန်လိုင်ငွေလိမ်လုပ်ငန်းနေရာတွေကို ဖျက်သိမ်းပြီး ပိတ်မိနေသူတွေကို ကယ်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြောင်းလည်း တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြပါတယ်။

တရုတ်အနုပညာရှင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပျောက်ဆုံးခဲ့တဲ့ကိစ္စလို ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာပြီးနောက်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံက အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက သံတမန်တွေကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံ ဘေးဂျင်းမြို့မှာ ပြီးခဲ့တဲ့အပတ်က ခေါ်ယူတွေ့ဆုံပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ ကူးမင်းမြို့မှာ ဆွေးနွေးခဲ့တဲ့အခြေအနေကို ထုတ်ပြန်တာမရှိသေးဘဲ မြန်မာနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ငါးသောင်းခွဲကျော် (၅၅၇၁၁ ဦး) ကို စိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တောင်းဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။