မကွေးတိုင်း ပခုက္ကူမြို့နယ် ဖလံအိုရွာကို စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေက ဇူလိုင်လ ၁၂ ရက်နေ့မှာ ဝင်ရောက်စီးနင်း မီးရှို့ခဲ့လို့ နေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့သလို အရပ်သား ၂၅၀၀ ဝန်းကျင်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖလံအိုရွာအနီးမှာရှိတဲ့ အောင်သာ၊ ဇီးကုန်း (၁)၊ ရှင်မကန်နဲ့ မန်ကျည်းကန် ရွာတွေက ပျူစောထီးအဖွဲ့ဝင် အင်အား ၇၀ ဝန်းကျင်က စစ်ကြောင်းထိုးလာပြီး ရွာကို ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကြောင်းထိုးစဉ် ဖလံအိုရွာထဲမှာ ရောက်နေတဲ့ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခဲ့မှုဖြစ်ပွားပြီးတဲ့နောက် ပျူစောထီးအဖွဲ့က ရွာထဲဝင်ရောက် မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အောင်သာ၊ ဇီးကုန်း အဲဒီဘက်က ပျူတွေလာပြီး ဖလံအိုရွာကို မီးရှို့သွားတာဗျ။ နေအိမ် ၃၅ လုံး၊ တိရစ္ဆာန် နွား၊ ဆိတ် အကောင်တစ်ရာကျော် မီးထဲပါသွားတယ်။ အခု ရွာသားတွေက လုံခြုံတဲ့နေရာမှာ စစ်ရှောင်နေတာပေါ့ဗျာ”
မနေ့ကဖြစ်ခဲ့တဲ့ အပြန်အလှန်ပစ်ခတ်မှုမှာတော့ အသက် ၄၀ ဝန်းကျင် ရွာခံအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။
ဇူလိုင်လ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ရွာကိုစီးနင်းထားတဲ့ ပျူစောထီးအဖွဲ့တွေက နေအိမ်တွေထဲမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဝင်ရောက်ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖလံအိုရွာဟာ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး ရွာက လူဦးရေ ၂၅၀၀ လောက်ဟာ ဒီနေ့ထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ထိ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းက ဒေသခံ ၂၀၅၄၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။