မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ်(၂) နဲ့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း ချောင်းဘေးက နေအိမ်တွေကို ဇူလိုင်လ ၃၁ ရက်နေ့နောက်ဆုံးထား ဖယ်ရှားဖို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်လာတယ်လို့ အဲဒီမှာနေထိုင်တဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီရပ်ကွက်တွေမှာ ဖယ်ရှားခံရမယ့်နေအိမ် တစ်ရာကျော်ခန့်ရှိပြီး ကမ်းနားဘေးက အိမ်တွေဟာ အောက်ခြေအခိုင်အမာ တိုင်ကောင်းကောင်းနဲ့ ဆောက်လုပ်ထားသလို သစ်သားအိမ်တွေနဲ့ လူနေဖြစ်ရုံဆောက်လုပ်ထားတဲ့ အိမ်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
အဲဒီနေရာမှာ နေထိုင်သူတစ်ဦးကတော့ သူ့အိမ်က ပစ္စည်းတွေကို ဇူလိုင်လ ၁၃ ရက် မနေ့ကတည်းက ရွှေ့ပြောင်းလိုက်တယ်လို့ RFA ကိုပြောပါတယ်။
"ဖယ်ခိုင်းတာ စာကပ်သွားပြီ။ ကျွန်တော် တစ်နေ့ကမှ ကျွန်တော်တို့ အိမ်နားက လူတွေကို ပစ္စည်းတွေရွှေ့ခိုင်းထားတာလေ။ မဖယ်ရင် ဘူဒိုဇာနဲ့ထိုးမှာလို့ ပြောတယ်။"
သူကတော့ မရွှေ့ပြောင်းရင် ပြဿနာရှာမှာစိုးလို့ စောစောစီးစီး ရွှေ့ပြောင်းထားတာဖြစ်ပြီး အခိုင်အမာဆောက်လုပ်ထားတဲ့ နေအိမ်တွေကတော့ မရွှေ့ပြောင်းရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အမှတ်(၂) နဲ့ အမှတ် (၃) ရပ်ကွက် ရွှေချောင်း ချောင်းဧရိယာမှာ ခွင့်ပြုချက်မဲ့ ကျူးကျော်နေထိုင်သူတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဖျက်သိမ်းဖယ်ရှားဖို့နဲ့ မလိုက်နာရင် တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့ကလည်း မကွေးလေတပ်စခန်းနဲ့ ကပ်နေတဲ့ နေအိမ် ၉၈ လုံးကို အပြီးပြောင်းရွှေ့ဖို့ စစ်ကောင်စီရဲ့ မကွေးမြို့နယ် စည်ပင်သာယာယာရေးအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းက နေအိမ်တစ်ထောင်ကျော်၊ မြစ်ငယ်တစ်မြို့လုံးနီးပါးနဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပျဉ်မပင်အုပ်စုမှာရှိတဲ့ မြေဧကငါးရာကျော်က အဆောက်အအုံ လေးထောင်ကျော်ကိုလည်း ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အင်အားသုံးဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။