စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့နယ်က အရပ်သားလေးဦး သေဆုံး

RFA Burmese
2024.11.05
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလဲမြို့နယ်က အရပ်သားလေးဦး သေဆုံး စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အိုင်းမရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းပြည်သူ ဖေမကူကွန်ရက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အိုင်းမရွာကို နိုဝင်ဘာ ၅ ရက်နေ့က စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလေကြောင်းက ပစ်ခတ်တဲ့ ဗုံးဟာ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲ သေဆုံးခဲ့တာလို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် ပြန်ကြားရေးတာဝန်ခံ ကိုသက်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့ ညနေ သုံးနာရီအချိန်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး သေဆုံးခဲ့ပါတယ်။ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်၊ ကျေးရွာအလယ်က နေအိမ်တစ်လုံးပေါ်မှာ ဗုံးသုံးလုံးကျရောက်ပြီး နှစ်လုံးက ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်"

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကိုသက်ဦးက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကလည်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အလယ်ဘုံကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းမှာ ဝေယျာဝစ္စလုပ်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့လည်း
ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဆယ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၄၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။