တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ လမ်းလုံခြုံရေးစစ်ဆေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ အရပ်သားကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇွန်လ ၁၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း (၁) က သတင်းထုတ်ပြန်ပါတယ်။
အရပ်သားကားပေါ်မှာလိုက်ပါလာတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံ ဆရာစံ က ပြောပါတယ်။
" ဒီနေ့(ဇွန် ၁၇ရက်) နေ့လယ်လောက်က ကားစစ်နေတုန်း စစ်ကောင်စီဘက် ကျောက်တင်ကားနဲ့ ကဒဲဘက်ဂိတ်ကနေပစ်ပြီး ပဝတ်ကုန်းဘက်ရောက်လာတယ် နောက်ထပ်ကျောက်တင်ကားက အတင်းမောင်းလာတာ၊ ပစ်ခတ်နေရင်း ထိတာ"
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားကားတွေကိုအသုံးပြုပြီး သွားလာနေတာတွေရှိတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ အရပ်သားတွေ ဝေးဝေးနေကြဖို့လည်း သူကဆိုပါတယ်။
ယာဉ်မောင်းတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့တဲ့အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုလမ်းမပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တပ်ပေါင်းစုတွေ လုံခြုံရေးအရ ရှောင်တခင်စစ်ဆေးတဲ့အခါ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ (KNLA) တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေ မတင်ဖို့၊ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာ မလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေလည်း အစစ်ဆေးခံဖို့ဆိုတဲ့ အချက် လေးချက်ပါ အမိန့်စာကို KNU တပ်မဟာ (၆) တပ်ရင်း (၂၇) က ဇွန်လ ၁၀ ရက်နေ့ကတည်းက ထုတ်ပြန်ထားတာပါ။