ပလက်ဝတိုက်ပွဲကြောင့် မြို့ပေါ်နဲ့ အနီးဝန်းကျင်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် မြို့ပေါ်နဲ့အနီးတစ်ဝိုက် ကျေးရွာတွေက ဒေသခံ တစ်သောင်းကျော်ဟာ ဇန်နဝါရီ လဆန်းပိုင်းကစပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပလက်ဝ ကိုယ်ပိုင် အုပ်ချုပ်သော ခရိုင်ကောင်စီအဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းမျိုးထိုက်က RFA ကို ပြောပါတယ်။

ပလက်ဝမြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ရှိနေပြီး ဖုန်းလိုင်း ဆက်သွယ်လို့ မရတာကြောင့် မြို့ပေါ်တိုက်ပွဲ အခြေအနေကို အသေးစိတ် မသိနိုင်ဘူးလို့ ဆလိုင်းမျိုးထိုက်က ပြောပါတယ်။

“အခု ပလက်ဝမြို့မှာ ဖုန်းလိုင်း မရတော့ဘူး။ လေကြောင်းနဲ့ ဗုံးကြဲတာ ရှိတယ်။ အိမ်မီးလောင်တာ ရှိတယ်လို့တော့ သိရတယ်။ အသေးစိတ် မသိနိုင်ဘူး။ မြို့ပေါ် မှာလည်း ကျန်ရစ်တာ တချို့တော့ ရှိတယ်။ အဆက်အသွယ် မရနိုင်တော့ဘူး။ လွတ်ရာကို ပြေးကြရတော့တာ၊ အချင်းချင်းတောင်မှ အချိတ်အဆက် မရှိတော့ဘူး”

လက်ရှိ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ၊ ပြည်နယ် အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ ချင်းပြည်နယ်ကနေ ပြည်တွင်း၊ ပြည်ပကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်အထိ ရှိနေတယ်လို့ ချင်းရေးရာ အဖွဲ့ချုပ်က RFA ကို ပြောပါတယ်။