မှော်ဘီရောက်နေတဲ့ ပလက်ဝက စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကိုရောက်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ၂၅၀ နီးပါးဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ပြောကြပါတယ်။

မှော်ဘီမြို့နယ်၊ မြောင်းတကာ ဗေသလရွာကိုရောက်နေတဲ့ ခူမီးနဲ့ မြို တိုင်းရင်းသား စစ်ဘေးဒုက္ခသည် တွေဟာ အရင်က အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရပြီး စစ်တပ်က အာဏာသိမ်းပြီးကတည်းက အလှူရှင်တွေ ရောက်မလာတော့လို့ အခက်အခဲ ဖြစ်နေကြတာပါ။

လက်ရှိမှာ အရင်ကအလှူရှင်တွေ လှူဒါန်းထားတဲ့ မြေနဲ့အိမ်တွေမှာ နေထိုင်ကြရပြီး အသင်းတော်ကပဲ ရှိတာနဲ့ ခွဲဝေပေးနေရတယ်လို့ ခူမီးဧဝံဂလိ အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဦးကံလွတ် က RFA ကို ပြောပါတယ်။

သူတို့အားလုံးဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စစ်တပ်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးလာကြတာလို့ ပြောကြပါတယ်။

စားဝတ်နေရေး အခက်အခဲတွေအပြင် ပလက်ဝကနေ ထွက်လာချိန်က မှတ်ပုံတင်နဲ့ ထောက်ခံစာပါမလာလို့ လက်ရှိနေထိုင်တဲ့ ရပ်ကွက်ကနေ ထောက်ခံစာတောင်းလို့မရတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေရပြီး အလုပ်လျှောက် မရတာ၊ ကျောင်းတက်ဖို့ ခက်ခဲတာ စတဲ့ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေက ပြော ပါတယ်။