ဖာပွန်မြို့ကို KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်
2024.03.28
ကရင်ပြည်နယ် ဖာပွန်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တောင်ပိုင်းတိုင်း အမှတ် (၂) ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။
"ဖာပွန် တစ်မြို့လုံးကို ထိန်းချုပ်ထားပြီးပါပြီ၊ ခဏထိန်းတဲ့ သဘောမျိုးမဟုတ်ပါဘူး၊ မြို့တွင်းမှာတော့ စစ်ကောင်တပ်တွေမရှိတော့ပါဘူး၊ အလုံးစုံ ထိန်းချုပ်ထားပြီးပါပြီ"
စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။
ဖာပွန်မြို့အသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖာပွန်မြို့ထဲကို KNLA တပ်ဖွဲ့တွေ နေရာယူထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်ဆေးက ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ စစ်ရေးရည်ရွယ်ချက်ရှိထားတဲ့အတိုင်းပေါ့လေ၊ ကျွန်တော်တို့နယ်မြေထဲမှာရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို တွန်းထုတ်ဖို့အတွက် ကျွန်တော်တို့ အဓိက စဉ်းစားထားချက်ဖြစ်တာပေါ့၊ ဒီစဉ်းစားချက်နဲ့အညီ ကျွန်တော်တို့ ရှိသမျှစခန်းတွေကိုလည်း လုပ်သင့်လုပ်ထိုက်တဲ့ စစ်ဘက်ဆိုင်ရာပေါ့နော် ကျွန်တော်တို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ တစ်ချိန်ထဲမှာလည်း လက်ရှိဖာပွန်မြို့ထဲမှာတော့ ကျွန်တော်တို့တပ်ဖွဲ့အားလုံး နေရာယူထားပြီးဖြစ်တယ်လို့ ပြောလို့ရပါတယ်"
ဖာပွန်မြို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ လှုပ်ရှားရာ ဒေသဖြစ်သလို စစ်ကောင်စီရဲ့ စစ်ဗျူဟာအခြေချ (စဗခ) တစ်ခုရှိပြီး ခလရ (၁၉)၊ ခမရ (၃၄၀)၊ ခမရ (၃၄၁) နဲ့ ခမရ (၄၃၄) တပ်ရင်းတွေလည်းရှိပါတယ်။
မတ်လ ၁၉ ရက်နေ့ကစပြီး ဖာပွန်မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ မယ်တရိုး၊ ဝေမှုံ၊ တံခွန်တိုင် စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သွားလာနိုင်တဲ့ လမ်းကြောင်း အားလုံးကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတယ်လို့ KNU တပ်မဟာ (၅) က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့သလို အရပ်သားလေးရာခန့်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU တပ်မဟာ (၅) က ထုတ်ပြန်ထားပါတယ်။