အမျိုးသားပညာရေး ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု
2015.06.18

ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား ပညာရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ "နိုင်ငံရဲ့ပညာရေးအသုံးစရိတ်ကို ငါးနှစ်အတွင်းသင့်လျော်တဲ့ ရာခိုင်နှုန်းအထိနှစ်စဉ်တိုးမြှင့် သုံးစွဲနိုင်ရန်ဆောင်ရွက်ရမယ်" လို့ အမျိုးသားလွှတ်တော်က ပြင်ဆင်ထားတာကို ပြည်သူ့လွှတ်တော်က "နိုင်ငံတော် ပညာရေးအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိရောက်ရှိရေး ရည်မှန်းချက်ထားဆောင်ရွက်ရမယ်" လို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် သဘောထားကွဲလွဲနေတဲ့ နောက်တစ်ချက်တစ်ခုဖြစ်တဲ့ "တက္ကသိုလ်ကောင်စီဟာ သက်ဆိုင်ရာ တက္ကသိုလ်အတွက် နှစ်စဉ်ဘဏ္ဍာငွေရန်ပုံငွေလိုအပ်ချက်ကို ပညာရေးဝန်ကြီးထံ တင်ပြရမယ်" ဆိုတဲ့ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်က "အဆင့်မြှင့်ပညာကျောင်းတွေကလွဲပြီး ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေဟာ မိမိတို့ကျောင်းတွေအတွက် နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ လိုအပ်ချက်ကို ပညာရေးဝန်ကြီးဌာနထံ တင်ပြရမယ်"လို့ ပြင်ဆင်ထားတာပါ။
အဲဒီလိုသဘောထားကွဲလွဲနေတဲ့ အချက်တွေမှာ ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေအတိုင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။