နိုင်ငံတစ်ဝန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေ ရပ်ဆိုင်းထား

RFA Burmese
2023.01.02
နိုင်ငံတစ်ဝန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေ ရပ်ဆိုင်းထား ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ရုံးမှာ လာရောက်လျှောက်ထားသူတွေကို ၂၀၂၁ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ကစလို့ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ လက်မှတ် ထုတ်ပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရန်ကုန်မြို့က ဒေသခံတွေက ပြောပါတယ်။ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးတွေမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ကစလို့ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ် ထုတ်ပေးရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရန်ကုန်မြို့က ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် စက်မှု-၁ လမ်းမပေါ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ဇန်နဝါရီ ၂ ရက် ဒီနေ့မနက်ပိုင်းမှာ လူ ၈၀ ကျော်ခန့် သွားရောက် တန်းစီခဲ့ရာမှာ ဝန်ထမ်းတချို့နဲ့ လုံခြုံရေးယူထားတဲ့ ရဲတွေက အိမ်ပြန်ခိုင်းခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ တစ်ဦးက RFA ကိုပြောပါတယ်။

"ဒီမနက်မှာ တန်းစီနေတဲ့ လူတွေအကုန် မောင်းထုတ်လိုက်တာ။ အိမ်ပြန်ဖို့ပေါ့။ ဘယ်နေ့ ပြန်ဖွင့်မယ် ရက်အတိအကျလည်း ပြောတာ မရှိပါဘူး။ ထူးခြားတာ တစ်ခုကတော့ အရင်ကဆို ပတ်စ်ပို့ရုံးနားမှာ ပလူပျံအောင် တွေ့ရတဲ့ ပွဲစားတွေ တစ်ယောက်မှ မတွေ့ရတော့ဘူး။ အထဲက သတင်းတွေ ကြိုသိလို့ မလာကြတာ ဖြစ်မယ်"

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့နားမှာလည်း စနစ် အဆင့်မြှင့်တင့်ဖို့ ခေတ္တ ရုံးပိတ်ထားကြောင်း ဆိုင်းဘုတ်တချို့ ချိတ်ဆွဲထားတယ်လို့ သူကဆိုပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာနဲ့အမျှ အဲဒီရုံးမှာ နိုင်ငံကူး လက်မှတ်ရရှိဖို့ တစ်နေ့ကို လူ ၂၀၀ ခန့်လာရောက် တန်းစီလေ့ရှိတာပါ။

နိုင်ငံကူးလက်မှတ် လျှောက်ဖို့အတွက်စီစဉ်ထားတဲ့ အွန်လိုင်းဘွတ်ကင်စနစ်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ရပ်ဆိုင်းထားပါတယ်။

လက်ရှိရပ်ဆိုင်းထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ မသိရသေးဘူးလို့ ရန်ကု န်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"သက်တမ်းတိုးတာ၊ အသစ်လျှောက်တာ၊ ပျောက်ဆုံး ဘာတစ်ခုမှ လုပ်ပေးမှာ မဟုတ်တော့ဘူး။ အချိန်ကတော့ သူတို့ပြန်ဖွင့်ဆိုမှ ပြန်ဖွင့်ရမယ်။ အချိန် ကြာနိုင်တယ်"

အာဏာသိမ်းပြီး နောက်ပိုင်းမှာ စီးပွားရေး ကြပ်တည်းမှုတွေကြောင့် မြန်မာ နိုင်ငံသားတွေဟာ ပြည်ပထွက်ခွာဖို့အတွက် နိုင်ငံကူးလတ်မှတ် စာအုပ်ကို ငွေကျပ် တစ်သိန်းခွဲကနေ နှစ်သိန်းအထိ ပွဲစားတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် တစ်လကိုမြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) က ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။