ပေါက်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု ကိုယ်ဝန်ဆောင် အပါအဝင် သုံးဦးသေဆုံး

RFA Burmese
2025.02.02
ပေါက်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု ကိုယ်ဝန်ဆောင် အပါအဝင် သုံးဦးသေဆုံး ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်အဆောက်အအုံများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက သရက်ကန်ကျေးရွာကို ဇန်နဝါရီ ၃၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်ငါးရာဗုံး ကြဲချခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ ပေါက်ဒေသခံတွေက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပေါက်ဒေသခံတစ်ဦးက ပြောပါတယ်။

“ပေါင်ငါးရာဗုံး ကျတဲ့နေရာက ကိုယ်ဝန်ဆောင် အမျိုးသမီးလင်မယား နေတဲ့အိမ်ပေါ်ကို တည့်တည့်ကျတာကြောင့် အိမ်ရော လူပါ ပျောက်ထွက်သွားတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့ လင်မယားနှစ်ယောက်ရဲ့အလောင်း ကောင်းကောင်းပြန်မရဘူး။ တစ်စစီ ဖြစ်သွားလို့ အစအနတွေ လိုက်ကောက်ရတဲ့အထိ ဖြစ်သွားတာ။ ကပ်လျက် ဘေးနားက အိမ်မှာနေတဲ့ လက်သမား ဦးလေးကြီးလည်း တစ်ခါတည်း သေသွားတယ်။ သူက ဒီရွာက မဟုတ်ဘူး။ တခြားရွာကနေ လာပြီး အလုပ်လာလုပ်နေတာ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့သူတွေကတော့ သုံးယောက်ရှိတယ်။ တကယ့် လူအိပ်ချိန်ကြီးမှာ လာပြီး ဗုံးကြဲချသွားတာ။ လာပစ်တဲ့လေယာဥ်က ဝဲနေတာမျိုးတောင် မလုပ်ဘူး။ တစ်ခါတည်း သွားရင်းကို ပစ်ချသွားတဲ့ပုံစံမျိုး”

ဒီတိုက်ခိုက်မှုမှာ နေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု ပေးနေတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံတစ်ဝန်းက နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လေးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၆၉ ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်း စတဲ့ အဆောက်အအုံ ၁၄,၉၇၀ လုံး ပျက်စီးခဲ့ရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီက ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေကြောင်း၊ လက်နက်ကြီး၊ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အကျဥ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရတာတွေကြောင့် ဒီလေးနှစ်ကျော်အတွင်းမှာ လူပေါင်း ၅၁၄၀ ဦး သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။