မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် နှမ်းစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က စုံစမ်းလို့ရသလောက် ပေါက်မြို့နယ်ထဲက နတ်စင်ကုန်းရွာက နှမ်း ၂၄ ဧက၊ အောက်ကျင်းရွာက နှမ်း ၂၅ ဧက၊ ခရမ်းချဉ် ၁၂ ဧကနဲ့ လိမ္မော်ခြံ ၁ ဧက၊ ဆင်သေကျေးရွာ က နှမ်းစိုက်ခင်း ၁၆.၅၀ ဧက နဲ့ ကြက်သွန် ပိဿာချိန် ၁၀,၀၀၀၊ ငမိုးလေးကျေးရွာက နှမ်းစိုက်ခင်း ၂၂.၁၅ ဧကနဲ့ ပျဉ်ချောင်းရွာက နှမ်းစိုက်ခင်း ၇ ဧက ဆုံးရှုံးခဲ့ရပါတယ်။
ယောချောင်းရေလျှံမှုကြောင့် ချောင်းနံဘေးကျေးရွာတွေနဲ့ စိုက်ခင်းတွေ ရေလွှမ်းခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုများသလို နေအိမ်တွေ၊ စက်ပစ္စည်းတွေနဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေပါ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဆုံးရှုံးမှုက များတယ်ဗျ။ စိုက်ခင်း ပဲခင်းတွေ အဓိကနဲ့ ကျေးရွာတွေက စက်ပစ္စည်းတွေ၊ ဆန်တွေ၊ ပဲတွေ၊ နှမ်းတွေပေါ့။ ကျွဲ၊ နွားတွေ ရေထဲပါတာတော့ ရှိတာပေါ့။ ပေါက်မြို့နယ် တစ်မြို့နယ်လုံးဆို ဧကအရေအတွက်နဲ့ တွက်မယ်ဆိုရင် လေး၊ ငါးထောင်လောက်ရှိမှာ။ အဲလောက်တော့ ပျက်သွားတယ်ဗျ"
လက်ရှိအချိန်မှာ အချို့နေရာတွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေပြီး ပျက်ဆီးဆုံးရှုံးမှု အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
အဲဒီဒေသမှာ လက်ရှိအချိန် စိုက်ပျိုးထားတဲ့ နှမ်းနဲ့ စပါးစိုက်ခင်းတွေ ရေလွှမ်းမိုးပြီး သဲဖုံးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဓိက အခုအချိန်က စပါးခင်း ဆုံးရှုံးတာ ရှိမယ်။ နွေနှမ်းတွေ ဆုံးရှုံးတာရှိမယ်။ ကြက်သွန်တွေက လှောင်ထားတဲ့ ဂိုထောင်တွေ ရေထဲပါပြီး ဆုံးရှုံးတာများတာပေါ့နော်"
လက်ရှိအချိန်မှာ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသခံတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး လူ့အသက်သေဆုံးမှုတွေ လည်း ရှိခဲ့ပါတယ်။