ပေါက်မှာ စစ်ကြောင်းထိုးချိန် ဒေသခံငါးဦး သတ်ဖြတ်ခံရပြီး ၁၅ ဦးခန့် ဖမ်းဆီးခံထားရ

RFA Burmese
2024.11.04
ပေါက်မှာ စစ်ကြောင်းထိုးချိန် ဒေသခံငါးဦး သတ်ဖြတ်ခံရပြီး ၁၅ ဦးခန့် ဖမ်းဆီးခံထားရ မကွေးတိုင်း၊ ပေါက်မြို့နယ်မှ ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Successful Force - Pauk Photo

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တဲ့ အချိန်တစ်ပတ်ကျော်အတွင်းမှာ ဒေသခံငါးဦး သတ်ဖြတ်ခံရပြီး ၁၅ ဦးကတော့ နိုဝင်ဘာလ ၄ ရက် ဒီနေ့အထိ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဒီးဒုတ်ကွင်းရွာနဲ့ ရန်ကင်းရွာကြားက စစ်ဘေးဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းစဉ် ဒေသခံတွေဖြစ်တဲ့ ဦးဌေးအောင်နဲ့ ဦးသန်းစိန်တို့ သတ်ဖြတ်ခံခဲ့ရတာပါ။

အဲဒီနောက် ဒေသခံတချို့ကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားပြီး အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖမ်းဆီးထားသူတွေထဲက ဒေါ်သီတာထွေး၊ ဦးငြိမ်းချမ်းအောင်နဲ့ ရဟန်းတစ်ပါးကို ထပ်မံသတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လမ်းမှာတွေ့တဲ့လူတွေ ဖမ်းတယ်ဗျ။ သူတို့ကို ရှေ့ကနေ သွားခိုင်းပြီး လူသားဒိုင်း လုပ်တာလေ၊၊ အဲမှာ ပစ်သတ်ခံရတာ နှစ်ယောက်က ပွဲချင်းပြီး။ သံဃာတော် တစ်ပါးလည်း ပါတယ်လေ၊၊ အခုက ဖမ်းထားသူတွေကို သူတို့က တစ်နေကုန်နေပူထဲထားပြီး နှိပ်စက်နေတာဗျ”

လက်ရှိမှာ ဒေသခံတွေဖြစ်တဲ့ မဇင်မာဦး၊ ကိုသန်းမြိုင်၊ ကိုစိုး၀င်း၊ ကိုမောင်အေး၊ ကိုတင်မောင်ဆွေ၊ ကိုရဲလင်းနိုင်၊ ဦးမိုးညို၊ ကိုမိုးဒီ၊ ကိုဖိုးချော၊ ဦးလှမျိုးနဲ့ ဦးငဦး တို့အပါအဝင် ဒေသခံ ၁၅ ဦး ခန့်ကို ဒီးဒုတ်ကွင်း ရွာထဲမှာ ဖမ်းဆီးနှိပ်စက်နေတယ်လို့ သူက ပြောပါတယ်။

ဒီစစ်ကြောင်းဟာ ပေါက်မြို့နယ် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာစဉ်လှည့်စစ်ကြောင်းထိုး သတ်ဖြတ်၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ခင်ရှည်ရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ တစ်လအတွင်း မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ မြေပြင်ရော၊ ဝေဟင်ကပါ စစ်ကြောင်းထိုး ပစ်ခတ်တွေမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ၂၆ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။