ပေါက်တောမြို့မှာ နေအိမ်တချို့ မီးလောင်နေ

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ နိုဝင်ဘာလ ၂၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က မြို့ပေါ်ရပ်ကွက်တချို့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တချို့ မီးလောင်နေတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

စစ်တွေမြို့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ပေါက်တောမြို့ လောကထိပ်ပန်ဘုရားအနီးဝန်းကျင်က ရပ်ကွက်(၁)၊ ဗဝမ်းရပ်ကွက်တွေကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ်တွေ မီးလောင်နေတာ မြင်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လောကထိပ်ပန်ဘုရားနားကိုပစ်တယ်။ ဘုရားနားမှာ အမှတ်(၁) ရပ်ကွက်ရှိတာကိုး။ စစ်တွေဘက်ကနေ လှမ်းပစ်တာလေ။ လက်နက်ကြီး ကျွန်တော်တို့ မြင်ရသလောက်ဆိုရင် အိမ်တချို့မှာကျတယ်။ လက်နက်ကြီးက အခုလည်း ပစ်နေတုန်း”

နောက်ထပ် ပေါက်တောမြို့ခံတစ်ဦးကလည်း နေအိမ်တချို့ မီးလောင်ပြီး မီးခိုးတွေ တလိပ်လိပ် တက်လာနေ တာကို အဝေးက လှမ်းမြင်နေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကလည်း အဝေးကဆိုတော့ သေချာမမြင်ရပါ။ မီးခိုးထွက်တာကိုတော့ မြင်ရပါတယ်။ ပထမဆုံး ၂ နာရီလောက်က တစ်ခေါက်မြင်ရတယ်။ နောက်ပြီးတော့ ၃ နာရီကျော်မှာ တစ်ခေါက် မြင်ရပါတယ်။ လက်နက်ကြီးပစ်တာက စစ်တွေကပစ်တယ်လို့လည်းပြောတယ်။ နေဗီကပစ်တယ်လို့လည်း ပြောတယ်”

ဒေသခံတွေက မြို့ပေါ်ရပ်ကွက်တချို့က မီးခိုးတွေ အလိပ်လိပ်ထွက်နေတာကို မြင်တွေ့နေရပေမယ့် နေအိမ်ဘယ်နှစ်လုံး မီးလောင်သွားတယ်ဆိုတာကို အတိအကျမသိရဘူးလို့ ဆိုကြပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြို့တွင်းနေအိမ်တချို့ မီးလောင်နေတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်သေးပါ။

နိုဝင်ဘာလ ၁၆ ရက်က ပေါက်တော မြို့မရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ တစ်ရာကျော်ကို AA က ကယ်ထုတ်ခဲ့ပါတယ်။

ပေါက်တော မြို့ပေါ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေသလို မြို့တွင်းပိတ်မိနေတဲ့ မြို့ခံတွေလည်းရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီနေ့ ပေါက်တောမြို့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သီးခြားထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။