ပေါက်တောဈေး လက်နက်ကြီးကြောင့် မီးလောင်၊ ရသေ့တောင်က နယ်ခြားစောင့်စခန်းနှစ်ခု ဆုတ်ခွာ
2023.11.25
ရသေ့တောင်မြို့နယ် မေယုကမ်းဒေသမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲစခန်းနှစ်ခုက အင်အား ၁၅၀ ခန့်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီခန့်မှာ စခန်းကိုစွန့်ပြီး စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်း ဘက်ကို ဆုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အငူမော်ဆိပ်ကမ်းမှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်းနဲ့ ကုန်တန်းရွာအရှေ့ဘက် တောင်ဦးဘုရားအနီးမှာရှိတဲ့ တပ်စခန်းတို့ ဆုတ်သွားတာလို့ အမည်မဖော်လိုတဲ့ ကိုယ်တိုင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ည ၈ နာရီခွဲ ၉ နာရီလောက်မှာ ဇက်နဲ့တင်သွားတယ်။ အေးရှားဝါးဆိပ်က ရေချမ်းပြင်ဘက်ကို ကူးသွားတယ်။ အင်အားက အားလုံးပေါင်းဆိုရင်တော့ ၁၅၀ လောက်မှန်းတယ်။ အခုဒီဘက်မှာ စစ်တပ်ပါ နယ်ခြားစောင့်ပါ တစ်ခုမှမရှိတော့ဘူး”
ပေါက်တောမြို့ပေါ်က စျေးမှာလည်း နိုဝင်ဘာလ ၂၅ ရက်ဒီနေ့ နေ့လယ်ပိုင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မီးလောင်ခဲ့တယ်လို့ ပေါက်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်သံလည်းကြားတယ်။ လက်နက်ကြီးကျတာ အဲဒီမှာ (ပေါက်တောစျေး) နေဗီက ပစ်တာနေမယ်။ နေဗီက တစ်ရက်လုံးပစ်နေတာ”
မီးလောင်မှုအခြေအနေ အသေးစိတ်ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုဝင်ဘာလ ၂၄ ရက်မနေ့ကလည်း စစ်ကောင်စီရေတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှာရှိတဲ့ မြို့မစျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်စျေးလုံး မီးလောင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြေပုံမြို့နယ်မှာလည်း နို၀င်ဘာ ၂၄ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်ဆယ်ဦး သေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရသေ့တောင်၊ မောင်တောနဲ့ ပေါက်တော စတဲ့ မြို့နယ်သုံးခုမှာ နိုဝင်ဘာလအတွင်းက ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲဟာ မြေပုံမြို့နယ်အထိ ကျယ်ပြန့်လာနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။