ပေါက်တော တောင်ဖူးရွာ မီးရှို့ခံရပြီး ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ဖူးရွာကို ဇန်နဝါရီလ ၁၁ ရက် ဒီနေ့ မနက် ပိုင်းက မီးရှို့ခံနေရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် တောင်ဖူးအပါအဝင် အနီးနားကျေးရွာ တွေက ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက မြစ်ကြောင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ နေဗီစစ်ရေယာဉ်ကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က ရွာထဲဝင်ပြီး မီးရှို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနက်အစောကြီးကတည်းက ပစ်သံကြားနေတာပါ။ AA က နေဗီကို လှမ်းပစ်၊ နေဗီ ကလည်း လှမ်းပစ် အဲဒီလို တိုက်ပွဲဖြစ်တာ။ စစ်တွေကလည်း လှမ်းပစ်တယ်။ အဲဒီ တောင်ဖူးရွာနားမှာတော့ နေဗီ သုံးစင်းရှိတယ်။ သူတို့က ရွာထဲဝင်ပြီး မီးရှို့သွားတာပေါ့။ မီးခိုးတွေ အများကြီး ထွက်နေတာ မြင်ရတယ်။ ဘယ်နှစ်အိမ်ပါသွားလဲတော့ မသိဘူး”

အဲဒီတောင်ဖူးရွာမှာ အိမ်ခြေသုံးရာကျော်ရှိပြီး မီးရှို့ခံရတဲ့နေအိမ်အရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။ ကျေးရွာသားတွေကတော့ ပြီးခဲ့တဲ့လကတည်းက ထွက်ပြေးနေကြတာဖြစ်ပြီး ရွာထဲမှာတော့ စပါးသိမ်းတဲ့ ရွာသားတချို့သာရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရေတပ်ကရော စစ်တွေမြို့ပေါ်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး တောင်ဖူး ရွာမှာ ကျန်ရှိနေတဲ့ ကျေးရွာသားတွေအပြင် အနီးအနားမှာရှိတဲ့ သဝင်ချောင်း၊ တောင်ညို၊ အဝကန် စတဲ့ ရွာတွေက ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရတာရှိပြီး အသေးစိတ် ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တောင်ဖူးရွာကို ဝင်ရောက် မီးရှို့နေတယ်ဆိုပြီး ပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန် ချက်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဟာ အခုဆို အချိန် နှစ်လနီးပါး ရှိနေပါပြီ။