ပေါက်တောမှာ ရိုဟင်ဂျာ ငါးထောင်ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

RFA Burmese
2025.01.02
ပေါက်တောမှာ ရိုဟင်ဂျာ ငါးထောင်ကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂ဝ၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ အနောက်ရဲ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ စားရေး၊ သောက်ရေး ခက်ခဲနေပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ အဲဒီစခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေက RFA ကို ဇန်နဝါရီ ၃ ရက် ဒီကနေ့မှာ ပြောပါတယ်။

အဲဒီ အနောက်ရဲဒုက္ခသည်စခန်းမှာ လူဦးရေငါးထောင်ခန့် ခိုလှုံနေပြီး ပြင်ပအဖွဲ့အစည်းတွေကနေ အကူအညီ မရတာ အချိန်တစ်နှစ်နီးပါး ရှိနေပြီလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ အခက်အခဲကြောင့် ဆန်ပြုတ်သောက်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အနောက်ရဲ ဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ တစ်ဦးက ပြောပါတယ်။

“အဓိကလိုအပ်တာက ဆန်ပဲ။ အခုစခန်းထဲမှာ ငတ်တဲ့သူက ငတ်နေကြပြီ။ ပြီးရင် ချက်စားဖို့ ဆန်မလောက်လို့ ထမင်းရည် (ဆန်ပြုတ်) ကြိုသောက်နေရတယ်။ အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေက အကူအညီမရတာလည်း တစ်နှစ်လောက်ရှိပြီလေ။ အလုပ်မရှိ အကိုင်မရှိနဲ့ ဟိုကချေး၊ ဒီကချေးနဲ့ ကုန်ဈေးလည်းကြီးတော့ အတော်ခက်ခဲနေတာ”

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေမရှိတာ၊ အစာအာရဟာ ချို့တဲ့တာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၊ သက်ကြီးပိုင်းတစ်ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့လည်း အဲဒီ ဒုက္ခသည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲကို အစားအသောက်၊ ဆေးဝါးနဲ့ တခြားကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာတွေကို စစ်ကောင်စီတပ်က ကန့်သတ်ထားတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ အဟန့်အတား ဖြစ်နေ တာလို့ UNOCHA အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကူအညီပေးမဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေကို ပိတ်ပင်ထားသလို၊ ဒေသတွင်း ရိက္ခာမလုံလောက်တဲ့ အတွက် လာမဲ့ မတ်လနဲ့ ဧပြီလလောက်ကစပြီး စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးတဲ့ ဒဏ်ကို ရခိုင်ပြည်နယ် တွင်းက လူနှစ်သန်းခန့် ခံရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP) က ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က သတိပေးထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။