မုံရွာမှာ PDF အပါအဝင် ၁၄ ဦး ဖမ်းဆီးခံထားရ
2023.03.23

စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် PDF အဖွဲ့တစ်ခု ဖြစ်တဲ့ Anonymous အဖွဲ့က အဖွဲ့ခေါင်းဆောင် အပါအဝင် ၁၄ ဦးတို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက မနေ့က သတင်းထုတ်ပြန်ပါတယ်။
Anonymous အဖွဲ့ ခေါင်းဆောင် ရဲရင့်ကျော်နဲ့ အဖွဲ့ဝင် ၁၄ ဦးတို့ကို လက်လုပ် သေနတ်၊ လက်လုပ် စိန်ပြောင်း၊ လက်လုပ်မိုင်း၊ ကျည်မျိုးစုံအပြင် အခြားဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတွေနဲ့အတူ မုံရွာမြို့၊ အေးသာယာ ရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးက ယာတဲတစ်ခုမှာ ဖမ်းမိခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
ဒီအဖွဲ့ဝင်တွေကို ဖမ်းမိချိန်မှာ အပြစ်မဲ့ ပြည်သူလေးဦးကို ဓားစာခံလုပ် ပြန်ပေးဆွဲထားပြီး မုံရွာမြို့ပေါ်မှာ ဖောက်ခွဲမှု လေးကြိမ်၊ ဒလန်ခေါင်းစဉ်နဲ့ သတ်ဖြတ်မှု လုပ်ကြံသတ်ဖြတ်မှု သုံးကြိမ် ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။
မုံရွာ အခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ပြောဆိုချက်တွေ ဟာ အမှန်တွေ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
“စစ်ကောင်စီ ထုတ်ပြန်ချက်က မမှန်ပါဘူး။ ပြန်ပေးဆွဲတာတွေ ဘာတွေလည်း လုပ်လေ့မရှိဘူး။ သူတို့က တော်လှန်ရေးအတွက် လှုပ်ရှားနေကြတဲ့ UG တပ်ဖွဲ့ဝင်တွေပါ။ သူတို့ စခန်း အလစ်ငိုက် အစီးခံရတယ်။ သူတို့ ရဲဘော်တွေ ထောက်ပို့ ရဲဘော်တွေရော အကုန်အဖမ်းခံရတယ်။ အခု စစ်ကြောရေးမှာ အပြင်းအထန် စစ်ကြောခံနေရတယ်။ သူတို့ စစ်ကြောချက်တွေ ထွက်လာရင်တောင် နောက်ကနေ ဖိအားပေးပြီး ထွက်လာတဲ့ ထွက်ဆိုချက်တွေပဲဖြစ်မှာပါ”
အဖမ်းခံရသူ ၁၄ ဦးထဲက အသက် ၄၅ နှစ်ကနေ ၅၅ နှစ်အရွယ်တွေဖြစ်တဲ့ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကိုလည်း ထောက်ပံ့ကူညီသူတွေဆိုပြီး စစ်ကောင်စီက စွပ်စွဲထားပါတယ်။
ဒါ့အပြင် Anonymous အဖွဲ့ဝင်တွေဟာ မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ဘိုးဘွား ရိပ်သာအဝိုင်းအနီး လမ်းဘေးဘယ်ညာမှာ လက်လုပ်မိုင်း ၇ လုံး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ “စိမ်းရောင်စုံ” ဘီယာဆိုင်အနီးတွင် လက်လုပ်မိုင်း ၂ လုံး ထောင်ထားတယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သွားရောက်ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ကနေစပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၆၉၂၅ ဦး ရှိပြီး သူတို့ထဲမှာ ၅၁၆၃ ဦးကတော့ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ ဆိုပါတယ်။