စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်က စစ်ကောင်စီ တပ်သားတွေ လက်နက်ချပြီး ပြည်သူ့ရင်ခိုလှုံဖို့ တိုက်တွန်းတဲ့ စာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ တပ်စခန်းနေရာတွေပေါ် ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်း အဲဒီလှုပ်ရှားမှု လုပ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ "ခံစစ် ပြင်မနေပါနဲ့။ မင်းမိသားစုအတွက် မင်း အသက်ရှင်သင့်တယ်"၊ "ပြည်သူ့ရင်ခွင် အမြန်ခိုလှုံကြ"စတဲ့ စာသားပါ စာရွက်တွေ ဒရုန်းနဲ့ ကြဲချဖို့ ပြင်ဆင်နေတာတွေကိုလည်း ဖော်ပြထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦးဒေသခံ တစ်ဦးကတော့ အဲဒီစာတွေကို ရေဦး တိုင်းရင်းဆေးရုံနဲ့ တခြားနေရာ နှစ်ခုကို ကြဲချခဲ့တာလို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီ တပ်သားတွေ အလင်း ဝင်လာရင်တော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့။ သူတို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အလုပ် လုပ်နေရတာ။ စိတ်ပိုင်းဆိုင်ရာက တော်တော်လေး စိတ်ဓာတ်ကျနေကြပြီ”
အခုရက်ပိုင်း ရေဦးမြို့ပေါ်က ကိုယ်ပိုင် အထက်တန်း စာသင်ကျောင်းတွေမှာ စစ်ကောင်စီ တပ်သားတွေရဲ့ မိသားစုဝင်တွေ လာရောက် နေထိုင်နေကြတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ရေဦးမြို့ပေါ်မှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ တပ်စခန်းတွေမှာ အင်အားတိုးချထားပြီး မြို့ပေါ် လုံခြုံရေးကို ပိုတင်းကျပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုမှုတွေအပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ စစ်ကောင်စီ တပ်သားတချို့ လက်နက်ချပြီး ပြည်သူ့ရင်ခွင် ခိုလှုံတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။