မိုင်းထောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ယောက် စစ်တပ်ကပစ်လို့ သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲ ဒီဇင်ဘာ ၄ ရက် ဒီကနေ့မှာ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေ မိုင်းထောင်နေစဉ် စစ်တပ်ဘက်က သေနတ်နဲ့ပစ်လို့ အသက် ၃၀ အရွယ် PDF တပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးခဲ့ပါတယ်။

မိုင်းထောင်နေတုန်း ပုန်းနေတဲ့ စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ထုံးဘိုရွာနဲ့ ကျွန်းရင်းရွာနားမှာ ကာကွယ်ရေးတပ်သား လေးယောက်က မိုင်းသွားထောင်တဲ့အချိန် အဲဒီနားက တောအုပ်ထဲမှာ ပုန်းနေတဲ့ စစ်သားတွေက ပစ်တယ်။ လေးယောက်မှာ တစ်ယောက် သေသွားတယ်။ တစ်ယောက် ဒဏ်ရာရတယ်၊ နှစ်ယောက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူး။ သေဆုံးသွားသူကို မြေမြုပ်သင်္ဂြိုဟ်လ်ခဲ့တယ်။ ပြည်သူတွေကို NUG အနေနဲ့ လက်နက်တွေ ထောက်ပံ့ပေးစေချင်တယ်။ အသက်တွေ အဓိပ္ပာယ်ရှိရှိပဲ ပေးဆပ်ချင်ကြတာ“

ဒီပဲယင်းမြို့နယ်ထဲ စစ်ကောင်စီက နိုဝင်ဘာလ ၂၇ ရက်ကစပြီး နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေကြောင့် PDF တပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ ဒီပဲယင်း PDF ဘက်က နှစ်ယောက်သေခဲ့ပြီး စစ်တပ်ဘက်က ၃၀ ထက် မနည်းသေဆုံး ခဲ့တယ်လို့ ဒေသခံ တွေကပြောကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီပဲယင်းမြို့နယ်ထဲမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။