ကပစစက်ရုံကို ရှော့တိုက်ဒုံးနဲ့ PDF ပစ်ခတ်တိုက်ခိုက်

RFA Burmese
2023.06.04
ကပစစက်ရုံကို ရှော့တိုက်ဒုံးနဲ့ PDF ပစ်ခတ်တိုက်ခိုက် မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ရှော့တိုက်ဒုံး လောင်ချာတစ်ခု။
Citizen Journalist

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် ၂၁ ကပစ၊ ကာကွယ်ရေးပစ္စည်းစက်ရုံ လက်နက်ဂိုဒေါင်တွေကိုပစ်မှတ်ထားပြီး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တွေက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ သုံးရက်တိုင်တိုင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ လက်နက်ဂိုဒေါင်နဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ကင်းပုန်းတွေကို အဓိကထား တိုက်ခိုက်ခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ NUG လက်အောက်ခံ ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်းမှူး ကိုပိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွင်းသတင်းပေးတွေရဲ့ ပြန်ပြောပြချက်အရ ဗုံးသီးလောင်ချာထုတ်တဲ့ အဆောက်အဦထိမှန်ခဲ့ပြီး အပျက်အစီး များခဲ့တယ်လို့ ဆိုပါတယ်။

ကင်းပုန်းတွေကို တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က သုံးယောက်ကျဆုံးသွားတယ်လို့ PDF ဘက်ကပြောပါတယ်။

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ဂန့်ဂေါ၊ ဆိပ်ဖြူနဲ့ ပခုက္ကူဘက်က ဒေသခံ PDF တပ်ရင်းတွေ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေ၊ Rocket လောင်ချာတွေနဲ့ ကပစစက်ရုံတွေကို တိုက်ခိုက်လာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလထဲမှာလည်း အဲဒီ ကပစစက်ရုံတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်လက်နက်တွေ မထုတ်လုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ ကပစစက်ရုံတွေကို တိုက်ခိုက်ရတာလို့ PDF တွေက ဆိုပါတယ်။

ကပစစက်ရုံတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က ဘာမှထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကလည်း ဒီနှစ်ထဲမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ထားပြီး ကပစလိုစက်ရုံတွေကို စစ်ရေးပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။