ပုဂံဒေသမှာ စစ်ရေးဖော်ဆောင်မယ်လို့ ညောင်ဦး PDF ပြော
2025.01.08
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးဒေသမှာ ၂၀၂၅ ခုနှစ် အတွင်း စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောပါတယ်။
ညောင်ဦးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်စခန်းတွေနဲ့ အုပ်ချုပ်ရေးယန္တရားတို့ကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဆိုပါတယ်။
ဒီလို တိုက်ခိုက်ရာမှာ ရှေးဟောင်းဘုရားတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ မထိခိုက်အောင် လုပ်ဆောင်မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
“ပုဂံညောင်ဦးဒေသက မြို့ခံတွေသာမက တစ်နိုင်ငံလုံးက ပြည်သူတွေ မြတ်နိုးတန်ဖိုးထားတဲ့ နေရာပေါ့။ စေတီပုထိုးတွေ ပေါများတယ်။ ရှေးဟောင်းအမွေအနှစ်တွေ နေရာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ စစ်ရေးဖော်ဆောင်မယ် ဆိုတာကလည်း ဗရမ်းဗတာ ပစ်ခတ်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပုဂံက နေရာတိုင်းမှာ ဘုရားတွေ မရှိဘူးဗျ။ ဘုရားမရှိတဲ့ နေရာတွေရှိတယ်။ စစ်ကောင်စီ အထိုင်ချထားတဲ့ နေရာတွေကလည်း ဘုရားတွေနဲ့ ဝေးတယ်ဗျ။ အထက်က အစီအစဥ်ဆွဲထားတဲ့အတိုင်း လွတ်ကင်းတဲ့ နေရာတွေမှာ ဘုရားတွေ ထိခိုက်မှုမရှိအောင် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ”
စစ်ရေးအရ အဓိကပစ်မှတ်တွေကို အထူးလေ့ကျင့်ထားသူတွေနဲ့ ဝင်ရောက်တိုက်ခိုက်မှာဖြစ်ပြီး အဲဒီအခါမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ တန်ပြန်ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လာရင်တော့ စေတီပုထိုးနဲ့ ရှေ့ဟောင်းအမွေအနှစ်တွေ ထိခိုက်နိုင်တယ်လို့ သူက ပြောပါတယ်။
ပုဂံဒေသ စစ်ဆင်ရေးကို မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်းနဲ့ ချောက် စတဲ့ မြို့နယ်တွေက မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုတွေရှိနေတာကြောင့် ပုဂံဒေသမှာပါ ပြည်သူကာကွယ်ရေးတပ်တွေ စစ်ရေးဖော်ဆောင်မှာကို နားလည်ပေမဲ့ ခရီးသွားလုပ်ငန်း ထိခိုက်မှာကိုတော့ စိတ်ပူမိတယ်လို့ ပုဂံဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ပုဂံမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် ဒီလို စစ်ရေးဖော်ဆောင်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းတွေ ထိခိုက်မှာကိုတော့ စိုးရိမ်မိတယ်ဗျ။ ကျွန်တော်တို့ဒေသက ခရီးသည်တွေကိုပဲ အဓိက အမှီပြု လုပ်ကိုင်စားရတာလေ။ ခရီးသွားတွေ မလာရောက်မှာဘဲ စိတ်ပူတာပါဗျာ”
လက်ရှိမှာလည်း ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဆောင်ဖို့ လူငယ်တွေကို မကြာခဏ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ပုဂံဒေသမှာ စစ်ရေးဖော်ဆောင်မယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ကတော့ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့စုံ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စခန်းမှူး အပါအဝင် ရဲ ၁၁ ဦး သေဆုံးသွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပုဂံဒေသဟာ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့ပါတယ်။