လယ်သမား ၄၀၀ ခန့် ရန်ကုန်မှာ စီတန်းချီတက်ဆန္ဒပြ

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ တောင်သူလယ်သမား ၄ ရာနီးပါး ဇန်နဝါရီ ၆ ရက် ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ RFA က သတင်းရရှိပါတယ်။

2011.01.06
farmer_woman_work_305_z.jpg လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
လယ်သိမ်းခံထားရတဲ့ မြို့နယ်အသီးသီးက တောင်သူတွေဟာ သင်္ဃန်းကျွန်း ဘီအိုစီ မှတ်တိုင်ကနေ ခရိုင်ရုံးအထိ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပြီး လယ်ယာလုပ်ပိုင်ခွင့် ပြန်လည်ရရှိဖို့ အာဏာပိုင်တွေထံ တောင်းဆိုခဲ့ကြတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

ကုမ္ပဏီတွေက သူတို့လယ်တွေကို သိမ်းယူတဲ့အခါမှာ အစပထမတော့ အကျိုးတူလုပ်ဖို့ ဆိုပြီး ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ တောင်သူတွေ လုပ်ပိုင်ခွင့် မရတော့တဲ့ အခြေအနေအထိ ဖြစ်ခဲ့ရတာကြောင့် အခုလို ချီတက် လမ်းလျှောက်ပြီး ဆွေးနွေးရတာ ဖြစ်တယ်လို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ညောင်ပင်ကျေးရွာက လယ်သမားတယောက်ကလည်း ပြောပြပါတယ်။

အခုလို လယ်သမား ၃၀၀ ကျော်က ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံတောင်ပိုင်းမြို့နယ်က အာဏာပိုင်တွေနဲ့ ခုလို ချီတက် ဆွေးနွေးလိုက်တဲ့အတွက် ရွာတရွာအတွက်တော့ လယ်ယာလုပ်ကိုင်ခွင့် ရခဲ့သလို တခြားရွာတွေအတွက်လည်း စာတင်ထားတာကို အာဏာပိုင်တွေက လက်ခံထားတယ်လို့ ဦးဖိုးဖြူက ဆက်ပြောပါတယ်။

တောင်သူလယ်သမားတွေ အခုလို ရန်ကုန်မှာ စီတန်းလမ်းလျှောက် ဆန္ဒပြခဲ့ကြတာဟာ အခု ၂၀၁၁ ခုနှစ်အတွင်း ပထမဆုံး လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ တောင်းဆိုချက်တချို့ကို ခရိုင်အာဏာပိုင်တွေက လိုက်လျောခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ ဒဂုံတောင်ပိုင်းမြို့နယ်က ညောင်ပင်ရွာ၊သရက်ပင်ချောင်ရွာ၊ ကျည်စုရွာ၊ သုံးခွရွာ၊ ထောင်တလုပ်ရွာ၊ သစ်ပင်ရွာ၊ စုစုပေါင်း ၇ ရွာက လယ်ဧက ၅၀၀၀ ကျော်ထဲက ရွာတရွာအတွက်ပဲ လယ်လုပ်ပိုင်ခွင့် ပြန်ရခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့လယ်တွေကို ရွှေနဂါးမင်းကုပ္ပဏီ ၊ ရွှေဟိန်းထက်၊ အေရှားဝေါနဲ့ ရွှေတောင်ကုမ္ပဏီတွေက သိမ်းပိုက်ထားတာ ဖြစ်တယ် လို့သိရပါတယ်။၊

ဒီအကြောင်း RFAသတင်းထောက် ဦးရဲထက်က အပြည့်အစုံ သတင်း ပေးပို့ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။