ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦး ဖမ်းဆီးခံရ
2023.03.14

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ကုရင်ရွာအနီးက စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေအကြား မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က တပ်သားခြောက်ဦးကို ဖမ်းဆီးရမိတယ်လို့ ဖယ်ခုံပြည်သူကာကွယ်ရေးတပ် တပ်ရင်း-၂က မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ ကယားပြည်နယ် ဒီးမောင့်ဆို၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။
ဖယ်ခုံတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံးပြီး ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ တပ်သားခြောက်ဦးကိုတော့ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ တိုက်ပွဲအတွင်းပါဝင်နေသူ PDFတစ်ဦးက ပြောပါတယ်။
" မတ် ၁၁ ရက်နဲ့ ၁၂ရက်နေ့တွေမှာ တိုက်ပွဲက အတော်လေး ပြင်းထန်ခဲ့တာပေါ့။ အခုဖမ်းမိထားတဲ့ စစ်သုံ့ပန်း ခြောက်ဦးကို စစ်တာ၊ ဆေးတာ တချို့ လုပ်ဖို့ ရှိနေတယ်။သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကိုတော့ အသေးစိတ် မပြောတော့ပါဘူး၊ ထုတ်ပြန်ချက်မှာ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်"
တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
တိုက်ပွဲတွေကြောင့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး ရှိနေပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေကပြောပါတယ်။