၆၆ (ဃ)နဲ့ တရားစွဲခံရတဲ့ ပန်ဆယ်လို ရဲစခန်းမှာ ထွက်ဆိုချက်ပေး


2018.01.13
pencilo-622.jpg ၆၆ (ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ ပန်ဆယ်လို (ခ) မအိမ့်ပိုးဥ ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo:Thant Zin Oo/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံထားရတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လူသိများတဲ့ ပန်ဆယ်လို (ခ) မအိမ့်ပိုးဥက ဒီကနေ့ တာမွေရဲစခန်းကို လာရောက်ပြီး သူ့ကိုအမှုစွဲဆိုဖို့ မသင့်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ကိုယ့်ကိုကိုယ် အပြည့်အဝယုံကြည်မှုရှိလို့ အခုလို ကိုယ်တိုင်ရှင်းလင်း ထွက်ဆိုချက်ပေးတာဖြစ်တယ်လို့ ပန်ဆယ်လို (ခ) မအိမ့်ပိုးဥက ပြောပါတယ်။

"အခုချိန်ထိ အဲ့ပို့စ်က ကျမဝေါလ်မှာရှိနေသေးပါတယ်၊ အကုန်လုံးဖတ်ကြည့်လို့ရပါတယ်၊ စိတ်နှလုံးညိုးနွမ်းစေ လားဆိုတာကတော့ ဘာမှတ်ချက်မှပေးလို့မရပါဘူး၊ ကျမရေးသားချက်နဲ့ ပတ်သက်ပြီး ကျမအပြည့်အဝယုံကြည် ပါတယ်၊ တရားစွဲဆိုသင့်၊ မသင့်ကိုတော့ တရားရုံးကဆက်လက်လုပ်ဆောင်ပါလိမ့်မယ်"

ပန်ဆယ်လိုဟာ မင်္ဂလာဒုံ၊ ထောက်ကြန့်လမ်းဆုံ၊ လမင်းသာ (၂) စားသောက်ဆိုင်မှာ ရိုက်နှက်ခံရတဲ့ ဆရာတော် ဦးဣန္ဒနဲ့ ပတ်သက်လို့ သူ့ရဲ့ဖေ့ဘွတ်စ်မှာ ဗုဒ္ဓဘာသာဝင်တွေ စိတ်နှလုံးညှိုးနွမ်းအောင် ရေးသားမှု၊ ဦးဝီရသူ (ခ) ဦးဝိစိတ္တာဘိဝံသကို ကြိမ်ဖန်များစွာ စော်ကားရေးသားမှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာက အကြည်ညိုပျက်အောင် စော်ကားရေးသားမှု စတဲ့အချက်တွေနဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နေ ဦးမောင်မောင်တာက တရားလိုပြုလုပ်ပြီး တိုင်ကြားထားတာဖြစ်ပါတယ်။

ပန်ဆယ်လိုရဲ့ အမှုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်ကတော့ တိုင်ကြားစာတွေမှာ ဥပဒေအရ ကိုယ်စားလှယ် လွှဲစာမပါတဲ့အတွက် ဖြေရှင်းဖို့မသင့်လို့ အမှုပိတ်သိမ်းဖို့ တင်ပြခဲ့ တယ်လို့ ပြောပါတယ်။

"တိုင်ကြားချက်မှာဘာတွေ့ရလဲဆိုတော့ ဦးဣန္ဒရဲ့ ကိုယ်စားလှယ်စာတော့ပါပါတယ်၊ တိုင်ကြားချက်မှာ  ဦးဣန္ဒဆိုတဲ့ အမည်တောင်မပါဘူး၊ ဘယ်လိုနစ်နာအောင်ရေးသားတယ်ဆိုတဲ့အချက်တွေလည်းမပါဘူး၊ ဒီတိုင်စာကဥပဒေအရဆက်လက်ပြီးဆောင်ရွက်ရန်အကြောင်းမရှိလို့ ဒီအမှုကို ပိတ်သိမ်းပေးဖို့ စာတင်ထား ပါတယ်၊ တိုင်ကြားချက်သုံးခုလုံးမှာ ကိုယ်တိုင်နစ်နာသူမဟုတ်ရင် ဆက်သွယ်ရေးဥပဒေနောက်ထပ်ပြင်ဆင် လိုက်တဲ့ ပုဒ်မ ၅ အရဆိုရင် နစ်နာသူရဲ့ တရားဝင်ကိုယ်စားလှယ်လွှဲစာတင်ပြဖို့ လိုအပ်ပါတယ်၊ ဒါမှသာလျှင် အရေးယူဆောင်ရွက်လို့ရပါမယ်၊ ဒီမှာတော့ဖြင့် ဦးဝီရသူရဲ့ကိုယ်စားလှယ်လွှဲစာလည်းမပါဘူး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ကိုယ်စားလှယ်လွှဲစာလည်းမပါဘူး၊ ဒါကြောင့် ဦးဝီရသူနဲ့ ပတ်သက်တဲ့ စွပ်စွဲတိုင်ကြားချက်ရယ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ စွပ်စွဲတိုင်ကြားချက်တွေကို ဖြေရှင်းရန်တာဝန်မရှိတဲ့အတွက် လုံးဝမဖြေရှင်းဘူးလို့ စာနဲ့ တရားဝင်ငြင်းဆိုခဲ့ပါတယ်"

ဦးမောင်မောင်တာက တရားလိုပြုလုပ်ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပန်ဆယ်လို ရေးသားခဲ့တဲ့ စာစုတွေ၊ ပန်ဆယ်လိုရဲ့ မှတ်ချက် မှတ်တမ်း ၆ ရွက်တို့နဲ့အတူ ပူးတွဲတိုင်ကြားထားတာဖြစ်ပြီး တာမွေရဲစခန်းက ပ/၂၀၂၃ နဲ့ အမှုလက်ခံထားတာဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်လိုက်ပေမယ့် ထူးခြားမှုမရှိဘဲ ဒီနေ့အချိန်ထိ ၆၆(ဃ)နဲ့ တရားစွဲခံရသူတွေဟာ အရင်အစိုးရလက်ထက်မှာ အမှု ၁၀ ခုကျော်နဲ့ လက်ရှိအစိုးရလက်မှာ အမှု ၉၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးလုပ်ဆောင်နေတဲ့ Free Expression Myanmar (FEM)အဖွဲ့ကလည်း သူတို့ရဲ့ ၂ နှစ်ကြာပြုစုထားတဲ့စာရင်းအရ တရားစွဲဆိုခံရတဲ့ အမှု ၁၀၆ မှုမှာ အားလုံးဟာ ငွေဒဏ်နဲ့မပြီးပဲ ထောင်ဒဏ်သာ ချမှတ်ခံရလို့ ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းသင့်တဲ့အပြင် အခြားသော အီလက်ထရောနစ် ဥပဒေတွေကိုလည်း ပြင်ဆင်သင့်တယ်လို့ အစီရင်ခံစာတွေ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။