ပြည်သူ့ပါတီ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်
2023.03.24
၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ပြည်သူ့ပါတီ (PP) ဟာ မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်လိုက်ပါတယ်။
ပါတီရပ်တည်ရှင်သန်ရေးအတွက် မှတ်ပုံတင်တာဖြစ်တယ်လို့ PP ပါတီရဲ့အတွင်းရေးမှူး (၂) ဦးကျော်လင်းက ပြောပါတယ်။
“ပြည်တွင်းမှာ ကျွန်တော်တို့ပါတီရဲ့ အင်အားစုတွေ စုစည်းမှုနဲ့ ပါတီတရားဝင် ရပ်တည်ဖို့အတွက် နိုင်ငံရေးရပ်တည်ချက်အရ ပါတီရပ်တည်ရှင်သန်ရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။”
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် ပြည်သူ့ပါတီ မှတ်ပုံတင်လိုက်တာပါ။
ပြည်သူ့ပါတီဟာ အကြမ်းမဖက်တဲ့နည်းလမ်းကို ခိုင်ခိုင်မာမာ ယုံကြည်ပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်အရေးအပေါ် တစိုက်မတ်မတ်ရပ်တည်တဲ့ နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် ရှိဖို့လိုအပ်တယ်လို့ ယုံကြည်ကြောင်း ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပါတီကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၃ ခုနှစ်၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးလှုပ်ရှားမယ့် ပါတီတွေဟာ ပါတီဝင်အင်အား တစ်သိန်းစည်းရုံးရမှာဖြစ်ပြီး တစ်နိုင်ငံလုံး မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မတ်လ ၂၃ ရက်နေ့အထိ ပါတီမှတ်ပုံတင်လျှောက်ထားတဲ့ပါတီပေါင်း ၄ဝ ရှိပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ ၁ဝ ပါတီ၊ တိုင်းနဲ့ ပြည်နယ်အတွင်းသာ စည်းရုံးမယ့်ပါတီက ၃ဝ ပါဝင်ပါတယ်။
ပြည်သူ့ပါတီဟာ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၄ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့ မဲဆန္ဒနယ် မရှိခဲ့ပါဘူး။
၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် အများဆုံးအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တတိယအများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကတော့ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားပါတယ်။
စစ်တပ်အာဏာမသိမ်းခင်အထိ တရားဝင်ပါတီအဖြစ် ရပ်တည်ခဲ့တဲ့ နိုင်ငံရေးပါတီတွေဟာ မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်လျှောက်ထားရမှာပါ။
ပြန်လည်လျှောက်ထားခြင်းမရှိရင် ပါတီအဖြစ်ကနေ အလိုအလျှောက်ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီမှာ ပါတီမှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေဟာ သမိုင်းတရားခံတွေဖြစ်တယ်လို့ ပြောထားပါတယ်။