ဖားကန့်မှာ တစ်လအတွင်း ဒေသခံ ၄၀၀ ဝန်းကျင် အဖမ်းခံရ
2023.05.04
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ၂၀၂၃ ဧပြီ တစ်လတည်းမှာ စစ်ကောင်စီက ဖမ်းဆီး ခဲ့တဲ့ ပြည်သူ ၄၀၀ နီးပါးရှိတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ (KHRW) က မေ ၂ ရက်နေ့ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ပြည်သူတွေကို မတရားဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတာ ကိုလည်း KHRW အနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖားကန့်မြို့နယ် မှော်ဘုံ၊ မဆွပ်ယန်၊ မလန်၊ ဆိုင်းဖရာ၊ လဝါး စတဲ့ကျေးရွာတွေက လူပေါင်း ၄၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဧပြီလအတွင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းနဲ့အတူ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၃ ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီး ရွာထဲက ဒေသခံ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခံ ခဲ့ရတယ်လို့ ပြန်လည်လွတ်မြောက်လာသူ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက ပြောပါ တယ်။
“ရွာကဖမ်းခေါ်လာပြီး သူတို့ ရှေ့မှာ လျှောက်ခိုင်းတာ။ လမ်းလျှောက်တဲ့အချိန်မှာ ခေါင်းငုံ့ခိုင်း ထားတယ်၊ သူတို့ကို မကြည့်ခိုင်းဘူး။ ကားလမ်းရောက်တော့ နန့်ယားက ကားကြီးနှစ်စီးမှာ စစ်သားတွေနဲ့ ပြည်သူတွေလည်း စီးပြီး တက်လာတယ်။ ရှေ့က ကားမှာက အမျိုးသားတွေနဲ့ စစ်သားတွေ။ နောက်ကားမှာ အမျိုးသမီးတွေနဲ့ အမျိုးသား တွေ ပြီးတော့ စစ်သားတွေလည်းပါတယ်။ နန့်တိန်း မရောက်ခင် ပျားအုံ မှာ ပစ်ခံရတယ်။ ရှေ့ကားတော့ မထိဘူး၊ နောက်ကားထိတာ။ အဲမှာ ပြည်သူ ခုနစ်ယောက်ထိတာ တစ်ယောက်သေသွားတယ်“
ဧပြီလ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မှော်ဘုံရွာက ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီတပ်က KIA နဲ့ PDF ကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခေါ်သွားပြီး အဲဒီအထဲက လူ ၅၀ နီးပါး ပြန်လွတ်လာပေမယ့် ၁၅၀ ဝန်းကျင်ကိုတော့ အခုထိ ဖမ်းဆီး ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကို ဖမ်းဆီးတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးကိစ္စတွေကို သူ့အနေနဲ့ မသိနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးကတော့ ဖားကန့်ဒေသခံမှာ နေထိုင် တာ လုံခြုံမှု မရှိတော့ဘူးလို့ ပြောပါတယ်။
“ဖားကန့်မှာနေတာ လုံးခြုံမှုရှိတယ်လို့ မခံစားရတော့ဘူး။ အခုကပေါ့နော် အရာရာ တိုင်းမှာ ကြောက်နေရတယ်။ အပြင်လည်း မထွက်ရဲကြဘူး။ အဓိက ကိုယ့်အသက် အန္တရာယ် အကုန်လုံးက ကြောက်စရာ တွေနဲ့ပဲ ရင်ဆိုင်နေရတာပေါ့နော်။ နေ့လယ် ဘက်တွေမှာဆိုလည်း ဖမ်းဆီးတာတွေ အရမ်းတွေဖြစ်လာတော့ လူငယ်တစ်ယောက် အနေနဲ့ပြောရမယ်ဆိုရင် တစ်ယောက်မှ အပြင်တောင် မထွက်ရဲကြတော့ဘူး။ မိဘ တွေလည်း ကိုယ့်သားသမီးတွေကို ဖားကန့်မှာကို မထားချင်တော့ဘူး။ မိဘနဲ့ အတူမနေကြတော့ ကလေးတွေကို အဝေးကိုပဲ လွှတ်လိုက်ကြတယ်”
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ကချင်ပြည်နယ် ဖားကန့်မှာ ၂၀၂၃ ခုနှစ် အတွင်း စစ်ကောင်စီ စစ်ကြောင်းတွေက ကျေးရွာထဲကိုဝင်ပြီး ဖမ်းဆီးခဲ့တဲ့ ပြည်သူ ၇၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၅၀၀ ကျော်သာ ပြန်လည်လွတ်မြောက်လာပါတယ်။