ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်စီစာရွာမှာနေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးအိုင်ရီရဲ့ နေအိမ်ကို ဇူလိုင်လ ၁၇ ရက်ညပိုင်းက စစ်ကောင်စီတပ်သား အင်အား ၄၀ ကျော် ဝင်ရောက်စီးနင်းပြီး အလုပ်သမားနှစ်ဦး ကို ဖမ်းသွားသလို ကျောက်စိမ်းအရိုင်းတုံးတွေကိုပါ သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၀ ကျော်အရွယ် ဦးအိုင်ရီဟာ မြန်မာပြည်ဖွား တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး ဖားကန့်မြို့က SKY Hotel & KTV ပိုင်ရှင်လည်း ဖြစ်ပါတယ်။
အလုပ်သမားနှစ်ဦးကိုတော့ လက်ပြန်ကြိုးတုပ် ခေါ်ဆောင်သွားတာလို့ ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်သားတွေက ကားပေါ်ကဆင်းကတည်းက အိမ်ကိုမဝင်ဘူး။ အိမ်အနောက်မှာရှိတဲ့ ကျောက်ခွဲစက်ကိုဝင်တာ။ အဲဒီကျောက်ခွဲစက်ကို JK ကုမ္ပဏီလို့ နာမည်တပ်ထားတာ။ အဲဒီက တာဝန်အရှိဆုံးသူ ဘယ်သူလဲဆိုပြီး နှစ်ဦးကို ခေါ်သွားတယ်။ အရိုင်းတုံးတွေ လည်း မ သွားတယ်"
ဖမ်းဆီးခံထားရသူတွေဟာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး ဖားကန့်မြို့မ ရဲစခန်းမှာ ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။
ဦးအိုင်ရီဟာ ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ကြီးနားလေဆိပ်မှာဖမ်းဆီးခံရပြီး မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နဲ့အတူ နေပြည်တော်ကို ဆင့်ခေါ် စစ်ဆေးခံနေရသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်ကို စစ်ဆေးရှာဖွေခံရတာဟာ ဦးအိုင်ရီ ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ သက်ဆိုင် နိုင်တယ်လို့ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"စီးပွားရေးအရှုပ်အရှင်းတွေကို ခေါ်ပြီးစစ်ရင်း နေအိမ်အထိဝင်ရှာတာပေါ့။ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်း မယ်လို့လည်း သတင်းတွေကြားနေတာ။ မိသားစုနဲ့ နီးစပ်တဲ့သူတွေ ပြောတာကတော့ ဦးအိုင်ရီက မပခတိုင်းမှူးနဲ့အတူ နေပြည်တော်မှာ စစ်ဆေးခံနေရ တာပါ၊ အခုထိ ဘာအစအနမှကို မကြားရသေးလို့ မိသားစုတွေက လိုက်သွားဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်"
ဦးအိုင်ရီနေအိမ် ဝင်ရောက်စီးနင်းခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။