ဖားကန့် မှော်ကောင်းရွာမှာ အမျိုးသားတစ်ဦး အသတ်ခံရပြီး နှစ်ဦးဖမ်းဆီးခံရ
2023.06.09
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ကောင်းရွာမှာ ဇွန်လ ၈ ရက် မနေ့က အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး၊ နောက်ထပ် နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
အသတ်ခံရသူက အသက် ၄၀ ကျော်အရွယ် ဦးမောင်အေး ဖြစ်ပြီး အဖမ်းခံရသူတွေကတော့ အသက် ၄၅ နှစ်အရွယ်ခန့် ဦးသိန်းနဲ့ ဦးမြင့်လွင် တို့ ဖြစ်ပါတယ်။
သူတို့ သုံးဦးစလုံးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မှာ မြို့ပြသပိတ်တွေကို ဦးဆောင်ခဲ့သူတွေဖြစ်ပြီး ရဲနဲ့ စစ်တပ်က အလိုရှိနေသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေ ၅ နာရီခန့်မှာ စစ်သား ၃၀ ကျော် မှော်ကောင်းကျေးရွာက ဦးသိန်းရဲ့ နေအိမ်ကို ရုတ်တရက်ရောက်လာပြီး အတူ ပုန်းရှောင်နေသူ သုံးဦးစလုံးကို ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။
ဖမ်းဆီးချိန် ဦးမောင်အေးက ထွက်ပြေးဖို့ ကြိုးစားတာကြောင့် နေရာမှာတင် ပစ်သတ်ခဲ့ပြီး ကျန်နှစ်ဦးကိုတော့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့ရှိသူ အိမ်နီးချင်းတစ်ဦးက RFA ကို ပြောပါတယ်။
“ကိုမောင်အေး ကတော့ ပစ်ခတ်ခံရပြီး အဲမှာတင် လဲကျသွားတယ်။ သူတို့က သပိတ်မှာ ပါဝင်တဲ့သူတွေပေါ့။ အိမ်ရှင်ဖြစ်တဲ့ ဦးသိန်းနဲ့ မြင့်လွင်တို့ နှစ်ယောက်ကိုတော့ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတယ်”
သူတို့နှစ်ယောက်ကို ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းထဲ ဖမ်းခေါ်သွားကြောင်း သိရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုသူ နောက်ထပ် ဒေသခံတစ်ဦးကတော့ အာဏာသိမ်းပြီးနောက် ဖားကန့်မြို့မှာ အပြန်အလှန် သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးခံရပြီးမှ ပစ်သတ်ပြီး အလောင်း လာပစ်ထားတာတွေ များလာတာ ကြောင့် ဥပဒေကင်းမဲ့သလို ဖြစ်နေပြီး အခုအဖမ်းခံရသူ နှစ်ဦးအတွက်လည်း စိတ်ပူမိတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဖားကန့်ဒေသမှာ အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်ဖွဲ့ဝင်တွေ၊ PDF တွေနဲ့ သူတို့ကို ထောက်ခံတယ်လို့ သံသယရှိတဲ့ အရပ်သားပြည်သူတွေကိုပါ ဆက်တိုက်ဖမ်းဆီးလာ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်လူ့အခွင့်အရေး စောင့်ကြည့်အရေးဖွဲ့ (KHRW) ရဲ့ ပြီးခဲ့တဲ့ မေလထုတ်ပြန်ချက်အရ ၂၀၂၃ ဧပြီနဲ့ မေ နှစ်လအတွင်း ဖားကန့်မြို့နယ်ကနေ ဖမ်းဆီးခံရသူ ၄၆၇ ဦးရှိနေပါပြီ။