စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်လို့ ဖားကန့်ဒေသခံသုံးဦး ဒဏ်ရာရ

RFA Burmese
2023.05.18
စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်လို့ ဖားကန့်ဒေသခံသုံးဦး ဒဏ်ရာရ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာမှ ဒေသခံများ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့က အဖမ်းခံရစဉ်။
Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့က မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တဲ့အတွက် အမျိုးသား သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖားကန့် ဒေသခံ လူငယ် သုံးယောက်တို့ဟာ ဖားပြင်ရွာ ဆိုင်ဘုတ်နားမှာ ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန် လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“မနေ့က မနက်ပိုင်း ၄ နာရီလောက်မှာ ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသား လူငယ် သုံးယောက် သွားနေတဲ့အချိန် ဆန်းကြွယ် စေတီကုန်းက (စစ်ကောင်စီတပ်ထိုင်တဲ့ နေရာ) လက်နက်ကြီးပစ်တာ သူတို့ နားမှာထိလို့ ဒဏ်ရာရတာ။ နှစ်ယောက်က ဒဏ်ရာပြင်းထန်လို့ မြစ်ကြီးနားကို ပို့ထားတယ်။ တစ်ယောက်ကတော့ ဖားကန့် ဆေးရုံမှာပဲ”

သူတို့ဟာ ကျောက်စိမ်း ရေမဆေးကောက်တဲ့ အမျိုးသားလူငယ်တွေဖြစ်ပြီး သူတို့ သုံးဦးထဲက တစ်ယောက်က ဆီးခုံအစပ်မှာ ဒဏ်ရာရှိတာဖြစ်ပြီး နှစ်ယောက်က ခြေထောက်တွေမှာ ဒဏ်ရာရရှိတာ ဖြစ်တယ် လို့ ပြောပါတယ်။

မေ ၁၄ ရက်၊ ၁၅ ရက် နဲ့ ၁၆ ရက်တွေမှာလည်း ဖားကန့်မြို့ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို နန့်တိန်းကျေးရွာနားမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နန့်တိန်း ကျေးရွာနဲ့ နန်းယားကျေးရွာ တောဘက်မှာ တိုက်ခိုက်ခံရတဲ့ အခု စစ်ကောင်စီ စစ်ကြောင်းက နန့်ယားကျေးရွာနဲ့ ခင်တောင် ကျေးရွာက ကလေး၊ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၀ ကျော်ကို မနေ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်သွား တယ်လို့ နန့်ယားဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာမှာ အိမ်ထဲက ခေါ်သွားတာ ၁၅ ယောက်။ ဈေးသွား ဈေးလာတွေကို ဖမ်းတာက ငါးယောက်လောက် အားလုံး ၂၀ ကျော်တယ်။ မနေ့ညက မအူပင်ရွာမှာ အိပ်တယ်တဲ့။ ဒီနေ့မနက် ကလေးအမေ နှစ်ယောက်၊ ကလေးနှစ်ယောက်ရယ် အသက် ၇၀ ကျော် အဘိုးကြီးတစ်ယောက်ရယ်၊ အသက်ကြီးတဲ့ အဘွားတွေရယ် ၁၂ ယောက်ကတော့ မအူပင်ရွာက ပြန်လွတ်လာတယ်။ အခုက ၁၂ နှစ်၊ ၁၃ နှစ် အရွယ် မိန်းကလေး သုံးယောက်နဲ့ အမျိုးသားတွေကိုတော့ မလွှတ်သေးဘူး။ မှော်ဘုံရွာက ဖမ်းထားပြီး ခေါ်လာတဲ့ အယောက် ၂၀ လည်းပါတယ်တဲ့ သူတို့ကိုလည်း မလွှတ်သေးဘူး”

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ လုံခြုံရေးကိစ္စတွေက သူ့အနေနဲ့ သတင်းအတိအကျရဖို့ ခက်ခဲတယ်လို့ အခု မေလ လဆန်းပိုင်းက RFA ကို ပြောဆို ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းဖရာရွာက ဒေသခံ ၈၀ ကျော်ကို စစ်ကောင်စီတပ်က ကားနဲ့ ဖမ်းခေါ်သွားပြီး အဲဒီကား တိုက်ခိုက်ခံရတာကြောင့် အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ ဒီနှစ်ဆန်းပိုင်းကနေ မေလ ၃ ရက်နေ့အထိ ဖားကန့်မှာ ပစ်သတ်ခံရတဲ့သူ အယောက် ၂၀ ကျော်ရှိပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူး တစ်ဦး၊ KIA တပ်ဖွဲ့ဝင်နှစ်ဦး ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အရပ်သားတွေ ဖြစ်ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။