ဖားကန့်ရောက် တရုတ် စက်ယန္တရားကြီးတွေ ကိစ္စ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေ မေးမြန်းခံရ


2016.01.02
pharkant-machin-620.jpg ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသအတွက် တရုတ်နယ်စပ်ဖြတ်ကျော်ပြီး ရောက်ရှိနေတဲ့ စက်ယန္တရားတွေဟာ ကချင်ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ အဲ့ဒီလို လုပ်ပိုင်ခွင့်တွေ အားလုံးဟာ ပြည်ထောင်စု အဆင့်နဲ့သာ သက်ဆိုင်ကြောင်း အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းခံရတဲ့ ကချင်ပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ စက်ယန္တားရားအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာတောင် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မသိရကြောင်း ကချင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်အောင်က ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ကချင်ပြည်နယ် အစိုးရအဖွဲ့တောင် ဒီယန္တရားအင်အားကို မသိဘူး၊ ကျနော်တို့လည်း မသိဘူးနော်၊ တစ်နေ့က ဒုတိယဝန်ကြီး ထုတ်ပြန်မှပဲ ၁၈၇၂ စီး ဘတ်ဟိုး ရှိတာတို့၊ ၃၃ဝ၆ ပေါ့နော် မြေသယ်ကား ရှိတာတို့ အဲ့ဒါမှ ကျနော်တို့သိတာ"

ဖားကန့်ကျောက်စိမ်းတွင်းတွေအတွက် နယ်စပ်ကနေ ဝင်ရောက်လာတဲ့ စက်ယန္တရားတွေ များပြားလွန်းတဲ့ အတွက်ဆိုပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ တချို့ကို စစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီလို လုပ်ငန်းတွေအတွက် ရောက်ရှိတယ်ဆိုတဲ့ စက်ယန္တရားတွေ ဘယ်လောက်ရှိတယ် ဘယ်နှစ်စီး တင်သွင်းဆိုတာ ကချင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ကချင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်ဆိုတာ မရှိကြောင်းလည်း ပြောပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်းဆိုင်းကို စစ်ဆေးမေးမြန်းတာ ရှိ၊ မရှိ ကိုတော့ အတည်မပြုနိုင်ဘူး လို့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်အောင်က ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတူးဖော်တဲ့ဒေသမှာ စက်ယန္တာရားယာဉ် အမြောက်အများနဲ့ တူးဖော်မှုတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့က ဦးဆောင်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်အောင်ကို RFA  သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။