လက်နက်ဥပဒေ၊ မူးယစ်ဥပဒေတွေနဲ့ အရေးယူမည်
2017.10.16

အရင်အစိုးရလက်ထက်က ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးကို လက်နက်ဥပဒေ၊ မူးယစ်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ဒီနေ့ ပြောပါတယ်။
မနေ့ညက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးဆီကနေ သေနတ်တွေနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့ပြီး ဒီကနေ့ မနက်မှာ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်က Hotel ACE မှာ သေနတ်တွေ ထပ်မံတေ့ွရှိခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ညက စတင်ဖမ်းဆီးရမိတဲ့ လက်နက်တွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်ဆောင်ခွင့် ထုတ်ပေးထားခြင်း မရှိတဲ့အတွက် တရားမဝင်လက်နက်ကိုင်ဆောင်တာဖြစ်ကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင် က ပြောပါတယ်။
နေပြည်တော်လေဆိပ်နဲ့ Hotel ACE တို့ကနေ ဒီကနေ့မနက်အထိ ဖမ်းဆီးရမိတဲ့ သေနတ် စုစုပေါင်း ၉ လက်နဲ့ ကျည် (၈၉၂) တောင့်၊ ကျည်အိမ် (၁၆) ခု၊ M16 လက်ကိုင်ကွင်း (၁) ခု၊ ပစ္စတိုအိတ်အနက်ရောင် (၇) လုံး၊ ကျည်ကာအင်္ကျီ (၁) ထည်နဲ့ စနိုက်ပါ မှန်ပြောင်း (၁) လက် တို့ကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာရှိတဲ့ ACE ကုမ္ပဏီရုံးကိုတော့ ဒီနေ့ညနေပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။